
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ကို ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တယောက် သေဆုံးကာ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။
လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမပေါ် သီပေါမြို့လယ်ကောင်က လူစည်ကားရာ နေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀ အရွယ် အမျိုးသားတယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သီပေါဒေသခံတယောက်က ပြောပါတယ်။
“ရွှေလုံးအလှပြင်ဆိုင်နဲ့ ဖုန်းဆိုင်နားကို တည့်တည့်ကျတာ။ ဆိုင်ကယ် ကယ်ရီသမား ကောင်လေးကတော့ နေရာမှာတင် သေတယ်။ ဖုန်းဆိုင်အထဲက အမျိုးသားတွေကတော့ ဗုံးစထိပြီး တော်တော်ကြာမှ ဒဏ်ရာရကြတာပါ။ တကယ့်ကို အနိဋ္ဌာရုံပဲ။”
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်ကောင်စီတပ်က TNLA ကို ဖိအားပေးချင်တာကြောင့် ထိန်းချုပ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ ပြောပါတယ်။
“အဓိကကတော့ ကျမတို့ကို ဖိအားပေးချင်တာကြောင့် မိုးကုတ်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ တို့ကို နေ့စဉ် ဗုံးကြဲနေတာပဲ ဖြစ်ပါတယ်။ နောင်ချိုမှာဆိုလည်း အင်အားရာကျော်တဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင် တိုက်နေတယ်။ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို နေ့စဉ် ဦးတည် ပစ်ခတ်နေတာပေါ့။”
TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးကာ၊ ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
စစ်ကောင်စီတပ်ဟာ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာဟာ လွပ်လပ်စွာ အသက်ရှင်သန်ပိုင်ခွင့်နဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။