Home
မြန်မာသတင်း
သပိတ်ကျင်း ပိုးဇနွယ်ရွာကို စစ်တပ်ဗုံးကြဲ၊ ကလေး ၅ ဦးအပါအဝင် ၆ ဦးသေဆုံး
DVB
·
July 14, 2025
Bombing-attack10_14072025
Bombing-attack9_14072025
Bombing-attack6_14072025
Bombing-attack7_14072025
Bombing-attack5_14072025
Bombing-attack4_14072025
Bombing-attack3_14072025
Bombing-attack2_14072025
Bombing-attack1_14072025

မန္တလေး တိုင်း၊သပိတ်ကျင်းမြို့နယ် ပိုးဇနွယ်ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီ ၁၈ မိနစ်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၂၂၂ တပ်ရင်း တာဝန်ရှိသူတယောက်က “ပိုးဇနွယ်ရွာက လီဆူလူမျိုးတွေနေတဲ့အပိုင်းကို ကြဲသွားတာပါ။ ၄ လသားအရွယ်ကလေးရယ်၊ ၁၁ နှစ်နဲ့ ၁၄ နှစ် အရွယ်ကလေး ၂ ယောက်ရယ်၊ သူတို့မိခင်၊ မိသားစု ၄ ဦးသေဆုံးတယ်။ သူတို့အိမ်ကို အလည်လာတဲ့ ကလေး ၂ ယောက်လည်းသေဆုံးတယ်။ ဗုံးခိုကျင်း တည့်တည့်ကျတာ၊ မွေးကင်းစကလေးက ယောကျ်ားလေး၊ သူ က အစအန အကုန်ကျေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေက ဒေါ်ဟွမ်မဆီး (၄၅) နှစ်၊ သားသမီးတွေဖြစ်တဲ့ မသောင်းမီးသာ (၁၄) နှစ်၊ မသောင်းမလေး (၁၁) နှစ်၊ ၄ လအရွယ် မောင်သောင်းစာ နဲ့ အိမ်အလည်လာသူ မဟဲဘိုမီး (၁၄) နှစ်၊ မနောမစာ (၁၂ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက တံတားဦးဘက်ကနေ ဂျက်ဖိုက်တာနဲ့ သပိတ်ကျင်းမြို့နယ် ဖော့တောရွာကို ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပိုးဇနွယ်ရွာကို လေကြောင်းကနေ ဗုံးတလုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုးဇနွယ်ရွာက နေအိမ်တလုံးမီးလောင်ပြီး ၄ လုံးပျက်စီးခဲ့ကာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဖော့တောရွာက ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဗုံးကြဲခံရတဲ့ ပိုးဇနွယ်ရွာက မန္တလေးမိုးကုတ်လမ်းမကြီးပေါ်က ‌ရွာတရွာဖြစ်ပြီး သပိတ်ကျင်းမြို့နယ်နဲ့ မိုးကုတ်မြို့နယ်အစပ်က ရွာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013