Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ ရွာသားများထွက်ပြေးတိမ်းရှောင် 
DVB
·
July 4, 2025

စစ်ကိုင်းမြို့နယ်၊ ကင်းရွာမှာ လက်ရှိတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ပတ်ဝန်းကျင်ရွာက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသူရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက မင်းကွန်းပုထိုးတော်ကြီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ ဇွန်လဆန်းကတည်းက စစ်ကြောင်းထိုးနေလို့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အဲဒီစစ်ကြောင်းဟာ ကင်းရွာ၊ မင်းကွန်းရွာနဲ့ ချောင်းမကြီးကျေးရွာက လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိ ကင်းရွာမှာ အခြေချ လှုပ်ရှားနေလို့ ရွာသူရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မင်းကွန်းရွာမှာလည်း အထိုင်ချထားတာရှိသလို မင်းကွန်းရဲ့တဖက်ကမ်း မန္တလေးမြို့၊ ဂေါဝိန်ဆိပ်မှာ ရေယာဉ် ၂၄ စီးနဲ့ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက အင်အားစုဖွဲ့နေတာကြောင့် ဧရာဝတီမြစ်ရိုးမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ စိုးရိမ်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၄ နှစ်ကျော်ကာလအတွင်း ခုခံတွန်းလှန်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့အပြားမှာ အရပ်သားနေအိမ်ပေါင်း ၁၁၃,၀၀၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး သဘာဝဘေးနဲ့ စစ်ဘေးတွေကြောင့် နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ သန်းခွဲဝန်းကျင် ရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013