Home
မြန်မာသတင်း
ရန်ကုန်-ဧရာဝတီ ကားလမ်းပေါ် တွင် စစ်ကောင်စီတပ်က ဘန်ကာအသစ်များ ထပ်ဆောက်နေ
DVB
·
June 30, 2025

ဧရာဝတီတိုင်းနဲ့ ရန်ကုန် အဝေးပြေးလမ်းပေါ်တွေမှာ စစ်ကောင်စီက ဇွန် ၂၇ ရက်က စတင်ပြီး ဘန်ကာအသစ်တွေ ထပ်မံဆောက်နေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းရဲ့ အဝင်အထွက် အကြီးဆုံး စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ပန်တိုင်ဂိတ်မှာ မျှော်စင်ပါတဲ့ ဘန်ကာတခု ဆောက်နေသလို ညောင်တုန်းမြို့ကို ဖြတ်သွားတဲ့ ဗိုလ်မြတ်ထွန်းတံတား ရန်ကုန်ဘက်အဆင်းမှာလည်း ဘန်ကာအသစ် ဆောက်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ဧရာဝတီ ကားသမားတယောက်က “လောလောဆယ်တော့ နှစ်ခု ဆောက်ထားတာ တွေ့ရတယ်။ အရေးပေါ်လိုအပ်လို့ လုပ်တာလို့တော့ ကြားတယ်။ ဆောက်နေတဲ့နေရာမှာ ကားတွေ၊ ဆိုင်ကယ်တွေ လာသမျှယာဉ်တွေကို စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လမ်းညွှန်ချက်နဲ့ ဘန်ကာတွေကို ညောင်တုန်းနဲ့ ဓနုဖြူက စစ်ကောင်စီတပ်၊ ပျူစောထီး၊ ရဲတွေက ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရွေးကောက်ပွဲ လုံခြုံရေးအတွက်နဲ့ နောက်တခုက စစ်ရေးအရ လိုအပ်လာလို့ လုပ်တာလို့ပဲ ယူဆတယ်။ အရေးမကြီးရင် ဘန်ကာသစ်ကို စကစ ထပ်မလုပ်ပါဘူး။ စစ်ဆေးအကြမ်းဆုံးဖြစ်တဲ့ ပန်တိုင်ဂိတ်မှာဆို မျှော်စင်ပါတဲ့ဘန်ကာ ထပ်ဆောက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက လုံခြုံရေးထက် ငွေတောင်းကြမ်းနေပြီး ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ဧရာဝတီတိုင်းကနေ ရန်ကုန်သွားတဲ့ ကားအသေးတစီး ကျပ် ၁,၀၀၀ ကနေ ၃,၀၀၀ ကျပ်၊ ကားအကြီးတစီး ၃,၀၀၀ ကနေ ၈,၀၀၀ ပေးနေကြရပြီး ဝန်ပိုတင်ဆောင်မိလို့ ရစ်တဲ့အခါ ကျပ်သိန်းချီ ပေးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရီးသည်တွေအနေနဲ့လည်း မှတ်ပုံတင် ဟောင်းနွမ်းနေတာ၊ နံပါတ်မထင်ပေါ်တာ၊ အသက်ကျော်နေတာ၊ မှတ်ပုံတင်ထဲက အရုပ်မသဲကွဲပါက ကျပ် ၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ တောင်းယူပြီးမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းနဲ့ ရန်ကုန် အစပ်မှာရှိတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်ကနေ ရန်ကုန်-ပုသိမ်-ဟင်္သာတ လမ်းခွဲဖြစ်တဲ့ ဗိုလ်မြတ်ထွန်းတံတားအထိ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်၊ ရဲတွေနဲ့ ပျူစောထီးတွေ ရှိနေတဲ့ စစ်ဆေးရေးဂိတ် ၃ ခုအထိ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စစ်ဆေးရေးဂိတ်တချို့ကို ပြန်ရုပ်သိမ်းခဲ့ပေမဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ဂိတ်တွေကို ပြန်ဖွင့်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013