Home
မြန်မာသတင်း
မြောင်တွင် စစ်တပ်အတွင်းနှိပ်စက်ခံရသည့် တပ်သား ၁ ဦး ထွက်ပြေးလာ
DVB
·
July 13, 2025
Myaung13072025
Myaung13072025

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်အတွင်း နှိပ်စက်မှုကြောင့် ထွက်ပြေးလာတဲ့ စစ်သား ၁ ဦး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကျေးရွာတပ်ပေါင်းစု-မြိုင် အဖွဲ့ဆီကနေ သိရပါတယ်။

ကျေးရွာတပ်ပေါင်းစု-မြိုင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျောက်ရစ်ရဲစခန်းမှာ တာဝန်ကျနေတဲ့ တပ်သားအဆင့်ရှိသူက စစ်တပ်အတွင်းမှာ ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေအပြင် ခွဲခြားဆက်ဆံခံရတာတွေနဲ့ ရာထူးရှိတဲ့သူတွေရဲ့ အမြဲတမ်းဆဲ​ဆိုနေတဲ့ဒဏ်ကို မခံနိုင်တော့လို့ ထွက်ပြေးလာတာလို့ ပြောတယ်။ ထမင်းစားချိန်ဆိုရင် ဆဲလိုက်ဆိုလိုက်တာ ကျွေးတာနဲ့ မကာဘူးတဲ့ဗျ။ သူထွက်ပြေးလာတဲ့အချိန် ကျနော်တို့ဆီက ရဲဘော်တွေနဲ့တိုးပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ။ လစ်တဲ့အချိန်ပြေးလာရတာဆိုတော့ လက်နက်ယူမလာနိုင်ဘူး ပြောတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရတဲ့ ကိုယ်ပိုင်အမှတ် (ပစ-၁၁၀၆၉၂) တပ်သား သန်းထိုက်ဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာတပ်ပေါင်းစု-မြိုင်အဖွဲ့ရဲ့ တာဝန်ခံတယောက်က “ဇူလိုင် ၃ ရက်နေ့လောက်က ထွက်ပြေးလာတာ။ မြောင်နယ်ထဲမှာပဲ ဖမ်းမိတာပါ။ သူကအလင်းဝင်ဖို့ ထွက်​ပြေးလာတာတော့မဟုတ်ဘူး။ ဒါပေမဲ့ လုံခြုံဘေးကင်းတဲ့နေရာ ပို့ဆောင်လိုက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ထူးခြားဖြစ်စဥ်တွေနဲ့ သတင်းထုတ်ပြန်လို့ရတဲ့ အချက်အလက်တွေပါလာရင် ထပ်ပြောပေးပါမယ်” လို့ DVB ကို ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်လေ့ရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခံနေရတယ်လို့ မြောင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Photo : ကျေးရွာတပ်ပေါင်းစု-မြိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013