
ဇူလိုင် ၁၆ ရက် ဒီမနက် ၃ နာရီခွဲလောက်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၄ မိုင်အကွာ၊ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တခု ထပ်လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မန္တလေး ဒေသခံတွေကတော့ ငလျင်မလှုပ်ခင် အသံကျယ်ကြားရပြီး ငလျင်လှုပ်တာကို ခံစားခဲ့ရတယ်လို့ မိုးဇလရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးထားပါတယ်။
မန္တလေးက အထပ်မြင့်အိမ်ရာတခုမှာနေတဲ့ သူတယောက်ကလည်း ငလျင်ကြောင့် အိမ်ရာမှာနေတဲ့သူအားလုံး ပြေးဆင်းကြရပြီး ကြောက်လန့်နေကြတဲ့အတွက် မနက်အထိ ပြန်အိပ်မပျော်တော့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင် နောက်ဆက်တွဲအနေနဲ့ ရက်ပေါင်း ၁၀၀ ကျော်အတွင်းမှာ ငလျင် အကြိမ် ၂၀၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။