Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်
DVB
·
July 27, 2025

စစ်ကောင်စီလက်ထက်မှာ ပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဒီနေ့ ထုတ်ပြန်ပြီး ဖြေဆိုသူတွေရဲ့ ထက်ဝက်လောက် အောင်မြင်တာကို တွေ့ရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအရ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ပြီး မနှစ်ကထက် ၁၀ ရာခိုင်နှုန်းလောက် လျော့သွားတာပါ။

ပြည်တွင်းမှာ မွန်ပြည်နယ်က ၅၇ ရာခိုင်နှုန်းကျော်နဲ့ အောင်ချက်အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း၊ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ကလည်း အောင်ချက် ၅၀ ရာခိုင်နှုန်းဝန်းကျင်နဲ့ အများဆုံး ဖြစ်ပါတယ်။

ချင်းပြည်နယ်ကတော့ အောင်ချက် ၂၇ ရာခိုင်နှုန်းဝန်းကျင်နဲ့ အနည်းဆုံးဖြစ်ပြီး ပဲခူးတိုင်း အနောက်ပိုင်းကလည်း ၃၁ ရာခိုင်နှုန်းကျော်နဲ့ အနည်းဆုံးဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီလက်ထက်မှာ ၄ ကြိမ်မြောက်ပြုလုပ်တဲ့ အခု ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူပေါင်း ၂ သိန်းကျော်ဝင်ရောက်ဖြေဆိုပြီး ၉၉,၀၀၀ ကျော် အောင်မြင်တာ ဖြစ်ပါတယ်။

စာမေးပွဲဖြေပြီး မကြာခင်မှာပဲ အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပြိုကျမီးလောင်ပြီး အဲဒီမှာရောက်နေတဲ့ အဖြေလွှာတွေ မီးလောင်ပျက်စီးလို့ တိုင်းနဲ့ပြည်နယ် ၄ ခုက ကျောင်းသားကျောင်းသူတွေ စာမေးပွဲပြန်ဖြေခဲ့ကြရပါတယ်။

၂၀၂၃ -၂၄ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၂၈၈၂၀ ယောက်ရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ယောက်ရှိလို့ အောင်ချက် ၅၇ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ယောက်ရှိပြီး ၁၀၉၈၅၁ ယောက် အောင်မြင်လို့ အောင်ချက် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၈၁,၇၅၁ ယောက်ရှိပြီး ၁၃၂,၀၇၇ ယောက် အောင်မြင်လို့ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013