
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက် ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်က စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းမှာ ကချင်ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာခံရလို့ ရှေ့ဆက်မသွားနိုင်ဘဲ ရွှေကူနယ်ထဲမှာပဲ ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သင်္ဘောတွေဟာ ဧရာဝတီဒုတိယမြစ်ကျဉ်းအဝင်၊ ရွှေကူမြို့နယ်၊ ငဘတ်ဝကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရတာပါ။
စစ်သင်္ဘောနဲ့ရေယာဉ် ၁၇ စီး ပါဝင်တဲ့ စစ်ကောင်စီရေယာဉ်တန်းဟာ ဇူလိုင် ၂၅ ရက်က ကသာမြို့နယ်မှာ ညအိပ်ခဲ့ပြီး ဇူလိုင် ၂၆ ရက်မှာ ရွှေကူမြို့ကိုရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်က ရွှေကူမြို့မှာ ညအိပ်ခဲ့ကာ ဇူလိုင် ၂၇ ရက်မွန်းလွဲပိုင်းမှာ ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
စစ်သင်္ဘောတွေဟာ ကသာမြို့အထွက်မှာ ကတည်းက မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လမ်းရှင်းခဲ့တာကြောင့် ကသာဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကသာနယ်ကာကွယ်ရေးအဖွဲ့ဝင်အမျိုးသမီးတယောက်က “အခု ကုန်တွေချနေတယ်ဆိုတဲ့ သတင်းကြားတာဆိုတော့ ရွှေကူကို ၂၆ ရက်နေ့ ရောက်တာပေါ့။ ကသာမှာ တညအိပ်တယ်။ ကသာရဲ့ အထက်ဘက်ကို ကျတော့ သင်္ဘောပေါ်ကနေ လက်နက်ကြီးငယ်တွေနဲ့လည်း ပစ်တယ်။ လေယာဉ်လည်းပါတယ်၊ ဂျက်ဖိုက်တာရော၊ Y12 ၊ Y8 ပေါ့။ ကသာမြို့ရဲ့အထက်ကိုစပြီးတော့ ဆန်တက်ပြီ ဆိုကတည်းကလေ၊ ဘုန်းကြီးကျောင်းတကျောင်းဆို တော်တော်ကြီးကို ဆိုးဆိုးရွားရွား ပျက်စီးသွားတာ။ ရမ်းသန်းပစ်ခတ်တဲ့အခါကျတော့ ဗောဓိကုန်းကျေးရွာမှာရှိတဲ့ နေအိမ်တချို့နဲ့ ဘုရားကျောင်းဆောင်တွေ ပျက်စီးသွားတယ်။ မိုးတားတိုက်နယ် မြေနုကျေးရွာမှာ လူတဦး သေပြီးတော့ ၂ ဦးဒဏ်ရာရတယ်။ မြစ်ကမ်းတလျှောက်ကို ဝဲမယ့်နေရာကနေ လွတ်မယ့်နေရာတွေ ရှောင်ပြေးကြတာ၊ တချို့လည်း ဗုံးခိုကျင်းမှာ နေကြတာပေ့ါ။ အဲဒီလိုပြေးကြပြီးတော့ သူတို့လည်း ကျော်သွားရော ကိုယ့်ရွာ သူ့ရွာ အေးအေးဆေးဆေး ပြန်နေကြတာပါပဲ” လို့ ပြောပါတယ်။
ဇူလိုင် ၂၆ ရက်မှာ ကသာမြို့ကထွက်ခွာလာတဲ့ စစ်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်ကောင်စီက လေယာဉ်ပစ်ကူတွေနဲ့ မြေပြင်စစ်ကြောင်းတွေကိုပါအသုံးပြုခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၁၇ ရက်က မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ရိုးအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာပြီးနောက် မြစ်ကမ်းဘေးဝဲယာမှာရှိတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး လမ်းရှင်းခဲ့တာပါ။
ဇူလိုင် ၂၂ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ကို ဖြတ်သန်းနေတုန်းမှာ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အင်ဒေါင်းကျေးရွာက လူနေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။
ဝက်လက်ဒေသခံတယောက်က “အင်ဒေါင်းတဲ့၊ ၂ လုံး လောင်သွားတယ်။ မိုးကြီးအိမ်နဲ့ ဦးထင်ပေါ်ကြီး အိမ်နဲ့ ၂ လုံး။ လူကတော့ မထိပါဘူး ထိခိုက်တာတော့။”
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ ရေယာဉ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်တွေထဲ ဖြတ်သန်းချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစီးနစ်မြုပ်ပြီး ၃ စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မန္တလေး PDF က ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်ခံရတာတွေရှိနေပေမဲ့ စစ်ကောင်စီတပ်က သူတို့ မူလရည်ရွယ်ချက်အတိုင်း ကချင်ပြည်နယ်ထဲက သူတို့အင်အားတွေကို လက်နက်နဲ့ရိက္ခာ ထောက်ပို့နိုင်ဖို့ ဆက်လက်ကြိုးစားနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ