
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေထဲကနေ ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် ပြည်သူ ၂ ယောက် သေဆုံးကာ လက်နက်ကြီး ပြောင်းကွဲခဲ့တာကြောင့် စစ်သား ၄ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြို ပကဖ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရေစကြို ခလရ ၂၅၆ ထဲကနေ တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့ ရွာတွေဘက်ကို ဟောင်ဝစ်ဇာအမြောက်တွေ ထုနေတာပါ။ ပိတောက်ပုံရွာထဲကို ကျလို့ အမျိုးသမီး ၂ ယောက် ဆုံးသွားပါတယ်။ တယောက်က နေရာမှာ ဆုံးတာ။ နောက်တယောက်က ဆေးကုဖို့ခေါ်သွားရင်း လမ်းမှာဆုံးတာလို့ သိရတယ်။ ဆုံးသွားသူတွေရဲ့ အသက်အရွယ်တွေကတော့ စုံစမ်းနေဆဲပါဗျ” လို့ ပြောပါတယ်။
အဆိုပါ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းထဲကနေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည် ၄ လုံးအနက် ၂ လုံးဟာ ပိတောက်ပုံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီး ၂ ယောက် သေဆုံးခဲ့ကာ ပြည်သူပိုင် နွား ၂ ကောင်လည်း သေဆုံးတဲ့အပြင် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြို ပကဖ တာဝန်ခံ ကိုဝေကြီးက “အဲဒီ ၂၅၆ တပ်ရင်းထဲကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်နေတုန်း ပြောင်းထိပ်ကွဲပြီးတော့ စစ်သား ၄ ယောက် သေသွားတယ်။ ၅ ချက်မြောက် ပစ်တဲ့အချိန် ပြောင်းထိပ်ကွဲပြီး ကျည်က ရှေ့ကိုပြန်ကျပြီး ပေါက်ကွဲတာလို့ ခိုင်မာတဲ့သတင်းရင်းမြစ်ဆီကနေ သိရတယ်။ ပေါက်ကွဲတဲ့အချိန် အဲဒီတပ်ထဲက ထွက်လာတဲ့ မီးခိုးတွေလည်း လှမ်းမြင်ရတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်တွေထဲကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးတာတွေအပြင် စစ်ရေးသတိ အမြဲရှိကြဖို့ တော်လှန်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဇူလိုင် ၁၅ ရက် ညပိုင်းကလည်း ရေစကြိုမြို့နယ်ထဲက ကျေးရွာတရွာကို ရေစကြို ခလရ ၂၅၈ ထဲကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရေစကြိုပကဖ ရဲဘော် တယောက်၊ သူ့ရဲ့ဇနီး၊ CDM ကျောင်းဆရာမတယောက်နဲ့ လူငယ်တယောက်တို့ သေဆုံးခဲ့ရသလို ပြည်သူ ၄ ယောက်ထက်မနည်းလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။