
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူပြီး အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ပလမြို့မှာ ဇူလိုင် ၂၆ ရက်နေ့က စစ်ကောင်စီက လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ပထမအကြိမ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ပလမြို့ သိမ်ဝဘုန်းကြီးကျောင်းကို ထိမှန်ပြီး ဘုန်းကြီး ၂ ပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဘုန်းကြီးက ၂ ပါးစလုံး ပျံလွန်တော်မူသွားပြီ။ ဗုံးသီးကျတော့ မြေကြီးအောက် ရောက်နေပြီ။ ကပ္ပိယပဲ ရှင်လို့ မြေကြီးအောက်ကနေ ဆွဲထုတ်ပြီး ဆေးရုံပို့ထားရတယ်” လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပိပြီး အရပ်သား ၁ ယောက် သေဆုံးခဲ့သလို နေအိမ်အတွင်းမှာ ပိတ်မိပြီး သေဆုံးသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
ဒုတိယအကြိမ်မှာတော့ ပလမြို့နဲ့ အနီးအနားဝန်းကျင်ကို လေကြောင်းနဲ့ ဗုံးအလုံး ၂၀ လောက် ကြဲသွားပြီး တတိယအကြိမ်နဲ့ စတုတ္တအကြိမ်မှာလည်း ပလမြို့နဲ့ ကဒဲရွာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ထိခိုက်သေဆုံးမှု အတိအကျကိုတော့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။