စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲက ကျေးရွာတွေကို ဇူလိုင် ၂၆ ရက် မနက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁ ယောက်သေဆုံးပြီး ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင် ၂၅ ရက်ညက ကသာသင်္ဘောဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပြီး ၂၆ ရက်နေ့ မနက် ပြန်ထွက်ခွာဆန်တက်ချိန်မှာ မြစ်ဘေးဝဲယာကို လက်နက်ကြီး ပစ်ခတ်တာ၊ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိကြတဲ့ ဗောဓိကုန်း၊ တိုက်ကုန်း၊ မြေနုနဲ့ မိုးဒါးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။ မြေနုရွာက အမျိုးသား ၁ ယောက် ဗုံးစထိမှန်သေဆုံးပါတယ်။ အဲဒီရွာက ၅ ယောက်လောက်လည်း ဗုံးစတွေထိပြီး ဒဏ်ရာတွေရကြပါတယ်။ ကျန်တဲ့ ဗောဓိကုန်း၊ တိုက်ကုန်းနဲ့ မိုးဒါးရွာတွေကတော့ လူထိခိုက်တာမရှိဘူး။ ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့ တိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “စစ်သင်္ဘောတွေက ၁၆ ရက်နေ့ ညတုန်းမှာ တုံးပေါဆိပ်ကမ်းမှာ ညအိပ်ရပ်နားပြီးတော့ နောက်နေ့မနက်မှာ အထက်ကို ဆက်တက်တာ။ အဲဒီလိုဆက်တက်တဲ့အချိန် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ အဲဒီရွာတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာပါ။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာတွေမှာက သူတို့ စစ်သင်္ဘောတွေကို တိုက်ခိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီ စစ်သင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် အထက်ဘက်ကို ဆန်တက်လာကတည်းက မြစ်ဘေးဝဲယာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ်ထဲမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းပေါ်က ငါးပတ်ချောင်း၊ ရေလည်မော် စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူ ၂၀ နီးပါးသေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပါသေးတယ်။
ရိက္ခာတင်စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီးနောက်ပိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်ထဲမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် နစ်မြုပ်ပျက်စီးခဲ့တာတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းမှာတော့ စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီးကို ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။