
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အနီးက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဌာနချုပ်ဧရိယာနဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တယ်လို့ PNLO က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးက PNLO ဌာနချုပ်ဧရိယာနဲ့ နောင်ထောဝ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂ လုံးနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
PNLO ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီရဲ့လုပ်ရပ်က ဘာကို ပြနေတာလဲဆိုတော့ ပြည်သူလူထု ဆိုတာမရှိဘူး၊ စစ်ကောင်စီလက်အောက်မှာ ကျွန်ခံရင်ခံ၊ ကျွန်မခံရင် ရန်သူပဲ ဆိုတဲ့ ပုံစံကို သူတို့က လုပ်နေတာပဲ ဖြစ်ပါတယ်။ ဗုံးကြဲတဲ့အထဲက ၁ လုံးကတော့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ရှိတဲ့နေရာမှာ ပြန်ကျတယ်၊ သူတို့လူသူတို့ ပြန်မှားကြဲသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကြဲလိုက်တဲ့ ဗုံး ၁ လုံးက လွယ်ချယ်လမ်းခွဲအနီးနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ရဲ့နေရာမှာ ကျရောက်ပေါက်ကွဲတာလည်း ရှိနေပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က PNLO ဌာနချုပ်ရှိရာနေရာတဝိုက်နဲ့ အနီးအနားက ပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ကြိမ်ထက်မနည်းရှိနေပြီး တိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ ပြည်သူ့ဆေးပေးခန်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။