ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက ကြို့ကိုပင်ကောက်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်န ည ၆ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီး ရွာသား ၅ ယောက်ကို ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၇ လုံး ဆုံးရှုံးခဲ့ပြီး ရွာသား ၅ ယောက်ကိုလည်း လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်ဝင်စီးတာ ဇူလိုင် ၂၂ ရက်နေ့ညက အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာ။ အနီးနားရှိ ကျေးရွာတွေကိုလည်း ဝင်မွှေတယ်၊ အမျိုးသား ၅ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ သူတို့ မီးရှို့ခဲ့လို့ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးသွားတယ်။ အခြားထိခိုက်မှုတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
မီးမရှို့ခင်မှာ နေအိမ်ထဲတွေဝင်ပြီး ပစ္စည်းတွေခိုးယူတာ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ချက်ပြုတ်စားသောက်ခဲ့ကြပြီး ရွာစင်ပတ်ကာ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေသခံတွေ ရွာထဲ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီး ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
အုတ်ဖိုမြို့နယ်အတွင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာတချို့ကဒေသခံတွေမှာ ရွာတွေမှာမနေနိုင်ဘဲ ဘေးလွတ်ရာတွေကို ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။