
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ ၁ ယောက်ရဲ့ဖခင်ဖြစ်သူ အုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “တမိုက်သာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုဘိုရဲ ကို စစ်တပ်ကဖမ်းပြီး သတ်ပစ်တယ်။ သူ့သားက စစ်တပ်ထဲမှာ ဗိုလ် ၁ ယောက်ရှိတယ်။ အခုချိန်ထိ စစ်တပ်တာဝန်ထမ်းဆောင်နေတုန်းပဲ။ နောက်ပြီးတော့ ကိုဘိုရဲ က ကြံ့ဖွတ်ပါတီက မြို့တော်ဝန်ဟောင်း အောင်သိန်းလင်းရဲ့ တူ(ဝမ်းကွဲ)တော်တယ်လို့လည်းသိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ဝန်းကျင်ကတည်းက တမိုက်ရွာမှာ ဝင်ရောက်တပ်စွဲပြီး အုပ်ချုပ်ရေးမှူး ကိုဘိုရဲ အပါအဝင် ကျေးရွာက အမျိုးသား ၁၀ ယောက် ထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးထားတဲ့ အုပ်ချုပ်ရေးမှူး ကိုဘိုရဲ ရဲ့ ရုပ်အလောင်းကို ဇူလိုင် ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ တမိုက်သာကျေးရွာအနီးက လမ်းဘေးတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စွန့်ပစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “တမိုက်သာရွာက ပျူရွာပါ။ ဇွန်လဆန်းပိုင်းထဲတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေ အဲဒီ တမိုက်သာရွာကို ဝင်တိုက်သေးတယ်။ တိုက်ခိုက်မှုပြီးတဲ့နောက်မှာ စစ်တပ်ဘက်က အဲဒီရွာကို အထိုင်လာချတာ ၁ လ လောက်ရှိပြီ။ စစ်တပ်အထိုင်လာချကတည်းက ကိုဘိုရဲ တို့ကိုဖမ်းထားတာ။ ဘာကြောင့်ဖမ်းထားတယ် ဆိုတာတော့မသိဘူး။ ကိုဘိုရဲ သေတာကလည်း သူတို့နှိပ်စက်တာ လက်လွန်သွားတယ်လို့ကြားတယ်။ ကိုဘိုရဲ ရဲ့အလောင်းကို လမ်းဘေးမှာပစ်သွားတာကတော့ သွားရင်းလာရင်း PDF က ပစ်သွားတဲ့ပုံစံဖြစ်အောင်ဖန်တီးတာပါ။ ကျန်တဲ့ရွာသားတွေကိုတော့ ဆက်ဖမ်းထားတယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။
မြင်းခြံ-ညောင်ဦးကားလမ်းပိုင်းပေါ်က တမိုက်သာကျေးရွာအပါအဝင် ၁၀ ရွာဝန်းကျင်ရှိတဲ့ ပျူစောထီးကျေးရွာတွေကို စစ်ကောင်စီဘက်က ဇူလိုင် ၂၂ နေ့အထိ စစ်သည်အင်အားနဲ့ ရိက္ခာတွေပို့ဆောင်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြင်းခြံ-ညောင်ဦးကားလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက မကြာခဏကြားဖြတ်တိုက်ခိုက်နေတာကြောင့် ခရီးသွားပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ်လိုက်ပါ မောင်းနှင်တာတွေမလုပ်ကြဖို့ သတိပေးနှိုးဆော်ထားတယ်လို့လည်း တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။