
မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) နဲ့ တော်လှန်ရေးအင်အားစုတွေ ရာခိုင်နှုန်းတော်တော်များများ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ပြီလို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာပဲ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
သပိတ်ကျင်း ဆေးရုံ၊ ကျောင်း၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ခန်းမတွေရှေ့မှာ စစ်ကောင်စီတပ်သားတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း စစ်တပ် လော်ဘီတွေက ထုတ်ပြန်ထားကြပါတယ်။
မြေပြင်စစ်ရေးသတင်းအမြစ် သိရှိသူတယောက်ကတော့ သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ အားလုံး ဝင်ရောက်သွားပြီဖြစ်ကြောင်း DVB ကို အတည်ပြုပြောပါတယ်။
မြေပြင်စစ်ရေးအခြေအနေ သိရှိသူက “မြို့ထဲကို စစ်ကောင်စီတပ်တွေ အကုန်ဝင်ရောက်သွားတာကို အတည်ပြုပါတယ်။ စစ်သင်္ဘောပေါ်ကနေ ရိက္ခာချပြီး စစ်ကြောင်းဖောက်ပြီး အဲဒီရိက္ခာကို လာယူတာလို့ ယူဆထားတယ်။ သူတို့တပ် ထိုင်တယ်၊ မထိုင်ဘူးတော့ ပြောလို့မရသေးဘူး။ စောင့်ကြည့်နေရတုန်းပါ” လို့ ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်ကတည်းက မန္တလေးမြို့ မြောက်ဘက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာနဲ့ သပိတ်ကျင်းမြို့တွေကို စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးလာနေတာပါ။
အဲဒီလို မြေပြင်ကနေ စစ်ကြောင်းထိုးနေသလို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘော ၅ စင်း ပါတဲ့ သင်္ဘောအုပ်စုကလည်း ဧရာဝတီမြစ်ကြောင်းတလျှောက် တက်လာပြီး စစ်ကြောင်းထိုးနေလို့ ဒီရက်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။