
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ လူသုံးကုန်ပစ္စည်းတချို့ကို ကန့်သတ်ကုန်အမည်တပ်ပြီး အဓမ္မ သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးကို စစ်တပ် ပြန်လည်ဝင်ရောက်ပြီးနောက် လူသုံးကုန်ပစ္စည်းတွေအပြင် စားသောက်ကုန်နဲ့ ဆပ်ပြာမှုန့်၊ ကော်ဖီ၊ Collagen စတာတွေကို ကန့်သတ်ကုန်အဖြစ် သတ်မှတ် သိမ်းဆည်းနေတာ ဖြစ်ပါတယ်။
မြို့ခံ တယောက်က “ဒီပစ္စည်းတွေက သယ်လို့မရဘူး။ ကန့်သတ်ထားတယ်ဆိုပြီး စစ်တပ်က အကုန်သိမ်းနေတာ။ ပစ္စည်းက အကန့်အသတ်နဲ့ပဲ သယ်ရတယ်။ ပစ္စည်းတွေလည်း အဖမ်းခံရတော့ မြို့မှာ ကုန်ဈေးနှုန်းတွေ ဈေးတက်တယ်။ အလုပ်အကိုင်လည်း ရှားတော့ ဝင်ငွေကောင်းကောင်း မရှိရင် အဆင်မပြေဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုလာ၊ ပါဝါစတေရှင် စတဲ့ လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း လုံးဝ သယ်ဆောင်ခွင့် မရဘူးလို့ သိရပါတယ်။
ပြည်သူတွေ သယ်လာတဲ့ ပစ္စည်းတွေကို မိုင်းပွန်တံတားပေါ်က စစ်ကောင်စီ ဂိတ်နဲ့ ဘန်းဘွေးဂိတ်တို့က ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးပြီး အဓိက ဖမ်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
တောင်ကြီး-လားရှိုး ကားပြေးဆွဲသူတယောက်က “သူတို့ ကန့်သတ်ထားတဲ့ပစ္စည်းက အရမ်းများတယ်။ မန္တလေးထိုးမုန့်၊ လမုန့်ကအစ သိမ်းတာ၊ သယ်လို့မရဘူး။ သူတို့က သိမ်းချင်တဲ့ ပစ္စည်းသိမ်းနေတော့ ကားသမားတွေ အခက်အခဲဖြစ်စေတယ်။ သူတို့ ကန့်သတ်ထားတဲ့ပစ္စည်း ပါရင် ခံဝန်ထိုးရတယ်။ ပိုက်ဆံလည်း ပေးရတယ်”လို့ ပြောပါတယ်။
တောင်ကြီး၊ မန္တလေးမြို့မှ လားရှိုးမြို့ကိုသွားတဲ့ လမ်းတလျှောက် စစ်ကောင်စီတပ်ကို ပေးရတဲ့ ဂိတ်ကြေး၊ ကုန်ပစ္စည်းတွေကို စိတ်ရှိတိုင်း စစ်ဆေးသိမ်းဆည်းနေတာကြောင့် ခရီးသည်တွေ အနေနဲ့ ကုန်ပစ္စည်းပို့ဆောင်ရာမှာ ဂရုပြုကြဖို့ ယာဉ်မောင်းတွေက အကြံပြုထားပါတယ်။