
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ပေါက်လှရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသား ၁၀ ယောက်ကျော် ပြန်မလွတ်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၁၈ ရက်က အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပေါက်လှရွာကို တနာရီကျော်အကြာ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားတာပါ။
အသက် ၂၀ ကနေ ၄၅ နှစ်အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်ကျော်ကို စစ်ကြောင်းပြန်ထွက်ချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ စစ်ကိုင်းမြို့ခံ ကိုဆံရှည်က ပြောပါတယ်။
“ငါးထပ်ကြီးဘုရားမှာ အထိုင်ချထားတဲ့ စခန်းကကောင်တွေ ရွာတွေကို ဝင်စီးတာ။ ဖမ်းခံရတဲ့အထဲ အမျိုးသား ၈ ယောက်လောက် ပါတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ ငါးထပ်ကြီးဘုရားထဲက သူတို့နေရာကိုပဲ ဖမ်းခေါ်သွားတာ။ အခုထိ ပြန်မလွတ်သေးဘူး။ စစ်ကြောင်းဝင်ချိန် ခြေဦးတည့်ရာပြေးရင်း သူတို့နဲ့ထိပ်တိုက်တွေ့ပြီး အဖမ်းခံကြရတာပါ။”
လတ်တလော အခြေအနေအရ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေရဲ့ လုံခြုံရေး အခြေအနေကြောင့် နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေ မကြာခဏ ရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် ပေါက်လှရွာ၊ ဒေါင်းမရွာ၊ ကြွယ်လူး၊ သလွန်ဖြူ၊ မအူပင်၊ ကုန်းတန်းလေး၊ ညောင်ကုန်း၊ တဲကြီးရွာနဲ့ နေပူကုန်းစတဲ့ ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၈,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ပြည်သူနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၉,၄၁၇ ယောက် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။