
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ထောင်ပွင့်ပြီး လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ တပတ်ကစလို့ လားရှိုးမြို့မှာ ထောင်ပွင့်ပြီး လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိမ်ကို ဝင်စစ်တာအပြင် ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ က TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး လူငယ် ၃ ယောက်ကိုလည်း ဇူလိုင် ၁၅ ရက်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “ဧည့်စာရင်းဝင်စစ်တာတော့ မကြားမိဘူး။ သူတို့သတင်းရတဲ့ အိမ်ဆိုရင် ဝင်စစ်တာတော့ ကြားတယ်။ သူတို့ မသင်္ကာတဲ့သူတွေရှိတယ်ဆိုပြီး သတင်းကြားတဲ့ အိမ်တွေပေါ့။ ၃ ယောက် ဖမ်းခံထိတယ်လို့တော့ ပြောတယ်။ တအာင်းလူမျိုးတွေလို့ပြောတယ်။ ဘယ်ကို ခေါ်သွားလဲမသိဘူးလို့တော့ ပြောတယ်။ TNLA နဲ့ ပတ်သက်တယ်လို့တော့ သူတို့ယူဆမှာပေါ့၊ ၄ ရက်လောက်တော့ရှိပြီ။ ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ ကလို့ ပြောတယ်။ လူငယ်တွေပဲ” လို့ DVB ကို ပြောပါတယ်။
လားရှိုးမြို့မှာ အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီဟာ လားရှိုးမြို့အုပ်ချုပ်ရေးအတွက် လုပ်ဆောင်နေသလို တဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးဖို့ လုပ်နေတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီနယ်ထဲကို တိမ်းရှောင်နေကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားတယောက်က ပြောတယ်။
“ထောင်ပွင့်လို့ လွတ်သွားတဲ့ နိုင်ကျဉ်းတွေကို လိုက်ဖမ်းမယ်လို့တော့ ကြားတယ်။ ဖမ်းခံရသူရှိ၊ မရှိတော့ မသိသေးဘူး။ ဝင်စစ်တဲ့အိမ်က ထောက်ပို့အကျဉ်းသားအိမ်။ အဲဒီတယောက်က ရှောင်နေတာ ကြာပြီ။ ကျနော်တို့အိမ်နားက နိုင်ကျဉ်းအိမ် ၂ အိမ်ကို ဝင်စစ်သွားတယ်။ အင်အား ၃၀ ကျော်လောက်နဲ့။ တယောက်က ထောက်ပို့မှုနဲ့ ထောင် ၁၂ နှစ်ကျပြီးမှ ကိုးကန့်တွေ လားရှိုး သိမ်းတော့ ထောက်ပွင့်ပြီး လွတ်လာတာ။ ဧည့်စာရင်းလိုပဲ မသင်္ကာတဲ့ နိုင်ကျဉ်းအိမ်ဆို ဝင်စစ်နေတာ။”
လားရှိုးမြို့ကို ကိုးကန့်တပ်တွေ သိမ်းပိုက်ချိန်က လားရှိုးအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၃ နှစ်ချခံထားရတဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်းတွေ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တရုတ်ရဲ့ ဖိအားပေးမှုကြောင့် လားရှိုးမြို့ကနေ ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ်တွေ ပြန်ဆုတ်ပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ပြန်ဝင်ရောက်ပြီး အုပ်ချုပ်ရေး စတင်နေတာ ဖြစ်ပါတယ်။