
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆက်စပ်တဲ့သူတွေကို စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးနေပြီး ဇူလိုင်လလယ်မှာ TNLA နဲ့ ဆက်စပ်သူ လူငယ် ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ကျဉ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လလယ်ကစပြီး လားရှိုးမြို့မှာ ထောင်ပွင့်ပြီးလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိမ်တွေကို ဝင်စစ်တာအပြင် ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ က TNLA နဲ့ ဆက်စပ်သူ လူငယ် ၃ ယောက်ကိုလည်း ဇူလိုင် ၁၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးဒေသခံတယောက်က “သူတို့သတင်းရတဲ့အိမ်ဆိုရင် ဝင်စစ်တာတော့ ကြားတယ်။ သူတို့ မသင်္ကာတဲ့သူတွေ ရှိတယ်ဆိုပြီး သတင်းကြားတဲ့ အိမ်တွေပေါ့။ ၃ ယောက် ဖမ်းခံထိတယ်လို့တော့ ပြောတယ်။ တအာင်းလူမျိုးတွေလို့ ပြောတယ်။ ဘယ်ကိုခေါ်သွားလဲ မသိဘူးလို့တော့ ပြောတယ်။ TNLA နဲ့ ပတ်သက်တယ်လို့တော့ သူတို့ယူဆမှာပေါ့၊ ၄ ရက်လောက်တော့ရှိပြီ။ ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ ကလို့ ပြောတယ်။ လူငယ်တွေပဲ” လို့ ပြောပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်တွေ သိမ်းပိုက်ချိန်က လားရှိုးအကျဉ်းထောင်မှာ ထောင် ၃၃ နှစ် ချခံထားရတဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်းတွေ ရာနဲ့ချီပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
လားရှိုးမြို့မှာ အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ အုပ်ချုပ်ရေးအတွက် လုပ်ဆောင်နေသလို တဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးဖို့ လုပ်နေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုးကန့်တပ်ထိန်းချုပ်တဲ့ သိန္နီနယ်ထဲကို တိမ်းရှောင်နေကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားတယောက်က DVB ကို ပြောပါတယ်။
“ထောင်ပွင့်လို့ လွတ်သွားတဲ့ နိုင်ကျဉ်းတွေကို လိုက်ဖမ်းမယ်လို့တော့ ကြားတယ်။ ဖမ်းခံရသူ ရှိ၊ မရှိတော့ မသိသေးဘူး။ ဝင်စစ်တဲ့အိမ်က ထောက်ပို့အကျဉ်းသားအိမ်။ အဲဒီတယောက်က ရှောင်နေတာကြာပြီ။ ကျနော်တို့အိမ်နားက နိုင်ကျဉ်းအိမ် ၂ အိမ်ကို ဝင်စစ်သွားတယ်။ အင်အား ၃၀ ကျော်လောက်နဲ့။ တယောက်က ထောက်ပို့မှုနဲ့ ထောင် ၁၂ နှစ်ကျပြီးမှ ကိုးကန့်တွေ လားရှိုးသိမ်းတော့ ထောက်ပွင့်ပြီး လွတ်လာတာ။ ဧည့်စာရင်းလိုပဲ မသင်္ကာတဲ့ နိုင်ကျဉ်းအိမ်ဆို ဝင်စစ်နေတာ။”
၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ ကိုးကန့်တပ် MNDAA က သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်မှာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ပြန်ဆုတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လားရှိုးမြို့အတွင်းကို ပြန်လည်ဝင်ရောက်ပြီး အုပ်ချုပ်ရေးတွေ စတင်နေတာ ဖြစ်ပါတယ်။
ကိုးကန့်တပ်တွေ ထိန်းချုပ်စဉ်နဲ့ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းစဉ် အခုအချိန်ထိ လားရှိုးမြို့မှာ မီးပုံမှန်ပြန်မရသေးတာကြောင့် မီတာခတွေကို မကောက်ခံဘဲထားတာ ဖြစ်ပေမဲ့ ဇူလိုင် ၁၄ ရက်ကစလို့ စစ်ကောင်စီဘက်က မီတာဖတ်တာတွေ လာလုပ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။
လင်းအိမ်