Home
မြန်မာသတင်း
သားသမီးမရှိသည့်အိမ်များက မိဘ ၁၀ ဦးကို TNLA က စစ်မှုထမ်းရန်ခေါ်သွား
DVB
·
July 19, 2025
MOEGOKE19072024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဘောလုံးကြီးရွာမှာ TNLA တအာင်းတပ်ဘက်က စစ်မှုထမ်းခေါ်ယူရာမှာ သားသမီးမရှိတဲ့အိမ်က မိဘ ၁၀ ယောက်ကို ခေါ်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းပါသွားသူရဲ့မိသားစုဝင်တယောက်က “စစ်မှုထမ်းစုဆောင်းရေးလူကောက်တာ၊ သားသမီးတွေက အဝေးမှာအလုပ်လုပ်နေကြတော့ အစည်းဝေးသွားတက်တဲ့ မိဘတွေကိုခေါ်သွားတာ။ သားသမီးတွေနဲ့ ပြန်ရွေးခိုင်းတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းက ဘောလုံးကြီးရွာမှာ အစည်းဝေးလုပ်နေတုန်း လူငယ်တယောက်နဲ့ လူကြီး ၆ ယောက်၊ လမ်းမှာသွားနေသူ ၃ ယောက်ကိုလည်း စစ်မှုထမ်းအတွက် ခေါ်သွားတယ်လို့သိရပါတယ်။

မိုးကုတ်မြို့ကို TNLA ဘက်က ထိန်းချုပ်ပြီးနောက် တအာင်းပလောင်လူမျိုးတွေ နေထိုင်တဲ့ရွာတွေဖြစ်တဲ့ မိုးကုတ်မြို့အနောက်ပိုင်းဘောလုံးကြီး၊ ဘောလုံးလေး၊ ဆင်ခွာ၊ ကျောက်ကြမ်းရွာတို့ကနေ စစ်မှုထမ်းဖို့လူခေါ်တာဖြစ်ပြီး အရှေ့ပိုင်း‌က ဗမွန်ရွာမှာလည်း စစ်မှုထမ်းအတွက် ခေါ်တယ်လို့ သိရပါတယ်။

အရင်က တအိမ်ကိုတယောက် စစ်မှုထမ်းဖို့လူခေါ်ရာကနေ အခုလအတွင်းမှာတော့ တအိမ်ကိုနှစ်ယောက် တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အဝေးမှာအလုပ်လုပ်နေတဲ့သူ၊ ပြည်ပမှာအလုပ်လုပ်နေသူတွေကျ ပြန်လာလို့မလွယ်ဘူး။ သူတို့မရှိလို့မိဘတွေကို ခေါ်သွားတာ။ စစ်မှုထမ်းအတွက် သင်တန်းတက်ပြီးရင်လည်း သူတို့က ရှေ့တန်းကိုပို့တယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ TNLA တပ်က စစ်မှုထမ်းအတွက်လူခေါ်ယူတာ ၃ ကြိမ်ရှိပြီဖြစ်ပြီး နောက်ထပ် ၆ လမှာ တကြိမ်ထပ်ခေါ်ဦးမယ်လို့ မြို့ခံတွေကပြောပါတယ်။

မိုးကုတ်မြို့က အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေ မဖြစ်မနေစစ်မှုထမ်းဖို့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက TNLA က စီစဉ်ခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ ကန့်ကွက်ခဲ့ကြတာပါ။

စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး TNLA ကို အဲဒီတုန်းက ဆက်သွယ်မေးမြန်းရာမှာ တအိမ်တယောက်တာဝန်ထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းဘဲရှောင်တိမ်းရင် အရေးယူတာတွေရှိမယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

စစ်သားစုဆောင်းမခံချင်းလို့ အိုးအိမ်ပစ်ပြီးမိသားစုလိုက်ရှောင်တိမ်းသွားတဲ့ အိမ်တွေကို TNLA က ချိပ်ပိတ်တယ်လို့ ဒေသခံတွေကပြောပြီး အဲဒါဟာ သူခိုးရန်ကကာကွယ်ဖို့ ထိန်းသိမ်းပေးတာလို့ သူက ဆက်ပြောပါတယ်။

အခုလို လူငယ်တွေအစားမိဘတွေကို TNLA ဘက်က စစ်မှုထမ်းဖို့ခေါ်ပြီးနောက် ဘယ်နေရာတွေမှာ သုံးမယ်ဆိုတာကို TNLA ပြောရေးဆိုခွင့်ရှိသူကို DVB က ဆက်သွယ်ခဲ့ပေမယ့် အခု သတင်းတင်ချိန်ထိ ပြန်မဖြေသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013