
ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်တွင်းတံတားသစ်ကို ဇူလိုင် ၁၄ ရက် ဒီမနက်ပိုင်းမှာ ဗုံးခွဲခဲ့တဲ့အတွက် ကျိုးကျသွားပြီး မြို့နဲ့ ၄ မိုင်အကွာမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က သိရပါတယ်။
နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတား မိုင်းခွဲခံရလို့ ကျိုးကျသွားပြီးနောက်မှာ နောင်ချိုမြို့အနီးကို စစ်ကောင်စီတပ်တွေ ရောက်လာပြီ ဆိုတာဟာ ကောလာဟလ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA တာဝန်ရှိသူတယောက်က “လိုင်းပေါ်ကဟာတွေနဲ့ ကျနော်တို့ဆီ သတင်းပို့တာတွေက ကွဲလွဲမှုရှိနေတယ်။ ဂုတ်တွင်းတံတားသစ်ကတော့ ကျိုးသွားပြီ။ မြို့အစပ်ရပ်ကွက်အထိ သူတို့ ဝါဒဖြန့်သလို ဝင်ပြီဆိုရင်တော့ မြို့ရပြီပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့ဟာ နောင်ချိုမြို့နယ် ရွှေပြည်ညွှန့်၊ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံ၊ ကုန်းစံ၊ ရေမောင်းတန် ကျေးရွာကြားမှာ တိုက်ပွဲပြင်းထန်နေဆဲလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ နောင်ချိုမြို့နယ်၊ တောင်ရပ်ကွက်ကို သိမ်းပြီလို့ ဝါဒဖြန့်ဝေနေတာလည်း တွေ့ရှိရပါတယ်။
ကျောက်မဲကို ရှောင်နေရတဲ့ ဒေသခံတယောက်က “မြို့ခံတွေလည်း အကုန်ရှောင်ကုန်ကြပြီ ဆိုတော့ သတင်းက အတိအကျ မရတော့ဘူး။ ဘယ်ထိရောက်နေပြီလဲတောင် မကြားရတော့ဘူး။ နောက်ဆုံး နမ့်ဆောင်ဟူးရွာထဲ ရောက်နေပြီပဲ သိရတာ။ နမ့်ဆောင်ဟူးပြီးရင် မြို့နဲ့ တဆက်တည်းပဲ။ ရှောင်နေကြတာတော့ ၉ ရက်နေ့လောက်ကပဲ” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နောင်ချိုဒေသခံတွေဟာ ကျောက်မဲမြို့ကို တိမ်းရှောင်နေကြရပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်တွေက ကူညီပေးနေတယ်လို့ သိရပါတယ်။