
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ဆင်ရေး ပြန်လည်စတင်နေပြီလို့ ဇူလိုင် ၁၃ ရက်က စစ်ကောင်စီတပ် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Snow Queen က ရေးသားဖော်ပြခဲ့ပါတယ်။ TNLA ဘက်က ထိန်းချုပ်ပြီးနောက် သယံဇာတတွေ အလွန်အကျွံ တူးဖော်ခံနေရတဲ့ မိုးကုတ်ကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ နောင်ချို၊ ကျောက်မဲဘက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတယ်လို့ စစ်ကောင်စီတပ် သတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။
မန္တလေးကနေ မိုးကုတ်လာတဲ့လမ်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်ကိုလည်း စစ်ကောင်စီတပ်ဘက်က ဇွန်လနောက်ဆုံးအပတ်မှာ မြေပြင်သာမက ဝေဟင်ကနေပါ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းမြောက်ကနေ မိုးကုတ်ကို ရောက်နိုင်တဲ့ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီတပ်က ဇူလိုင်လထဲမှာ အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ထိုးစစ် စတင်ခဲ့ပြီး ဇူလိုင် ၁၆ ရက်မှာ ထိန်းချုပ်လိုက်ပါတယ်။
စစ်ကောင်စီတပ်က နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့နယ်ကို မြေပြင်သာမက ဝေဟင်ကနေပါ ထိုးစစ်ဆင်နေချိန် မိုးကုတ်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာ လူနေရပ်ကွက်ကို ဇူလိုင် ၈ ရက် မနက်မှာ လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ ko CHIT Mdy တယ်လီဂရမ်ချန်နယ်မှာတော့ ကြိုးစားသူများ ဘော်ဒါဆောင်မှာ စခန်းချနေထိုင်နေတဲ့ TNLA တပ်သားတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် ၈ ရက်က ဖြန့်ဝေထားပါတယ်။
ဒ့ါအပြင် နောင်ချိုကနေ မိုးကုတ်လာတဲ့ လမ်းပေါ်က မိုးကုတ်မြို့ အဝင်မှာရှိတဲ့ အရင် စစ်ကောင်စီတပ် စစ်သားတွေ အထိုင်ချခဲ့တဲ့ စစ်ဆေးရေးဂိတ်အနီးက ပန်းမထိပ်ရွာကို ဇူလိုင် ၉ ရက်နဲ့ ၁၄ ရက် ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။ မိုးကုတ်မြို့ကို TNLA မိုးကုတ်ဗျူဟာနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိအခြေနေမှာတော့ TNLA က အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ဇူလိုင်လ ၈ ရက်ကနေ ၁၄ ရက်နေ့အတွင်း လေကြောင်းကနေ ဗုံး ၃ ကြိမ် ကြဲချခံရပေမဲ့ ဒေသခံတွေ မြို့ကို စွန့်ခွာတိမ်းရှောင်တာ မရှိသေးပါဘူး။
မိုးကုတ်မြို့အရှေ့ပိုင်း ဒေသခံတဦးက “အခုချိန် (ဇူလိုင် ၁၅ ရက်နေ့အထိ) မြို့ထဲမှာတော့ ပုံမှန်ပဲ၊ ဘာမှထူးခြားတာ မရှိသေးဘူး၊ စစ်ရှောင်သွားဖို့ကလည်း တခြားမြို့ကို ပြေးဖို့ကလည်း မလွယ်ကူဘူး၊ ခရီးသွားလို့ လမ်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရင်တောင် မိုးကုတ်ကဆိုရင် သူပုန်တွေကို သပြေပန်းနဲ့ ကြိုတဲ့ကောင်တွေလို့ ငြိုးထားတာ ခံနေရတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့တွင်း မြို့ထဲကနေ ရှောင်ခိုင်းတယ်လို့ ကောလာဟလ သတင်းတွေ ထွက်နေပေမဲ့ တရားဝင် စာထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့တွင်း လက်ရှိ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် လုပ်လာတာကြောင့် ဒေသခံတွေက လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“လေယာဥ်သံကြားရင်ကို ပြေးစရာနေရာမရှိသလို ခံစားရတယ်။ လူတိုင်းတော့ စိုးရိမ်နေကြတာပဲ၊ ထူးခြားပြီး ပြေးစရာနေရာလည်း မရှိဘူး၊ ကံလို့ပဲ သဘောထားရတော့တယ်။ ခုလက်ရှိအခြေအနေက သပိတ်ကျင်းကော၊ နောင်ချိုပါ တိုက်ပွဲတွေဖြစ်နေတော့ သူတို့လက်ထဲ (စစ်ကောင်စီတပ်) ပြန်ပါသွားမှာတော့ စိုးရိမ်တယ်၊ နောင်ချိုကော သပိတ်ကျင်းပါ ပါသွားရင် မိုးကုတ်ကိုရဖို့ဆိုတာ လွယ်သွားပြီလေ” လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ မှိုင်းဝေ ချန်နယ်က ဇူလိုင် ၁၄ ရက်နေ့မှာ အရှေ့ပိုင်း မိုးကုတ်ကျောက်မျက်ရုံး၊ ဂေါက်ကွင်း၊ ရဲစခန်း၊ တရာရုံးအနီးက ပတ္တမြားငမောက် တည်းခိုခန်း၊ စခန်းသာနားက RQ ဟိုတယ်၊ လက်ကီဝေါဟိုတယ်၊ ရွှေလင်းအိမ်တည်းခိုခန်း၊ ရွှေလိပ်ပြာဟိုတယ် နဲ့ ၅ မိုင် ရှုခင်းသာဂိတ်တို့ကို ဗုံးထပ်ကြဲပေးဖို့ တောင်းဆိုထားပါတယ်။
သပိတ်ကျင်းမြို့ကို ၂၀၂၄ သြဂုတ်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သပိတ်ကျင်းမြို့နယ်ထဲမှာ TNLA, MDY PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲကို ၂၀၂၅ ဇွန် ၂၇ ရက်နေ့က စတင်ပြီး မြေပြင်စစ်ကြောင်းနဲ့အပြိုင် လေကြောင်းကနေ ဗုံးကြဲမှုတွေ လုပ်ခဲ့ပါတယ်။
မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့အစပ်က ကျောက်လှည်းဘီးကျေးရွာအုပ်စု ပိုးဇနွယ်ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဗုံးကြဲတာကြောင့် ကလေး ၅ ဦး အပါ ၆ ဦး သေဆုံးခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ် ၇ မိုင်အတွင်းထဲထိ တိုက်ပွဲဖြစ်ခဲ့သလို စကစရဲ့ ခံစစ်ကိုလည်း အတွင်းထဲထိ ထိုးဖောက်နိုင်ခဲ့ပေမဲ့ ဟိုင်ဂင် စာချုပ် ချုပ်တဲ့အချိန် TNLA ဘက်က တလအပစ်ရပ်လိုက်တဲ့အချိန် စကစဘက်က ပြန်ထိုးရင်း ကိုယ့်ဘက်က ခံစစ်ပြင်လိုက်တဲ့အချိန်ကအစ တဖြည်းဖြည်းနဲ့ ပြန်ဆုတ်ပေးခဲ့ရတယ်လို့ ရှေ့တန်း မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းအချို့ကိုလည်း အခုချိန်မှာ စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ပြန်သိမ်းယူနေပြီး ၄ မိုင်အကွာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပါပြီ။
လက်ရှိအခြေအနေမှာ သပိတ်ကျင်းမြို့အပြင် အပါအဝင် ၇ မိုင်၊ ၆ မိုင်၊ ၅ မိုင်၊ ၄ မိုင်၊ ၉ မိုင် စတဲ့ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်အရေအတွက် သောင်းဂဏန်းလောက် ရှိမယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
နောင်ချိုမြို့တွင်းထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာရှိပြီး ဇူလိုင် ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နောင်ချိုမြို့စွန်က လူနေရပ်ကွက်တွေထဲထိ ဝင်ရောက်လာခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်မှာတော့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကြောင့် နောင်ချိုမြို့မှာ စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲလာလို့ တခြားနေရာကို ပြောင်းရွှေ့လိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲရပ်ဖို့ ဆွေးနွေးခဲ့တာရှိပြီး လာမယ့် သြဂုတ်လမှာလည်း ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်လက်ထဲ လားရှိုးမြို့လို ပြန်ပေးလိုက်မှာကို မိုးကုတ်မြို့ခံတွေ စိုးရိမ်နေကြပါတယ်။
လိပ်ပြာ