
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့အကြားဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ KIA ရဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မှော်ဝမ်းရပ်ကွက်ကို KIA ဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မနေ့ကအထိ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေလည်း ရှိခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ဘက်က ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်တာတွေကြောင့် သူတို့ဘက်က ပထမရက်တိုက်ပွဲမှာ ၁၇ ဦး သေတယ်လို့ ကြားတယ်။ ဒုတိယ ရက်တိုက်ပွဲကတော့ အသေအချာ မသိရသေးပါဘူး။ ယမ်းသိုလှောင်ရုံးကို လက်နက်ကြီးကျပြီး သေတယ်ဆိုတာတော့ မဟုတ်ဘူး။ အဲဒီနေရာမှာ ဘာသိုလှောင်ရုံမှ မရှိဘူး။ ဒီအတိုင်း လက်နက်ကြီး ပစ်ခံရပြီး သေကြတာ။”
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပေမဲ့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဖားကန့်မြို့နယ်ကို ဇွန်လဆန်းပိုင်းကတည်းက ဝင်ရောက်ပြီးနောက် တိုက်ပွဲတွေ ဒီနေ့အထိ ဆက်ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် မော်ဝမ်းကြီး၊ မော် ဝမ်းလေး၊ ကောင်းစံ၊ အမှိုက်ပုံ၊ တောင်ယာကုန်း၊ သာယာကုန်း၊ အောက်သာယာနဲ့ မှော်မောင်းကုန်း စတဲ့ ကျေးရွာ ဆယ်ရွာကျော်က ဒေသခံနဲ့ ရေမဆေးရှာဖွေသူ ၁၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လျှပ်စစ်မီး ပြတ်တောက်တာလည်း ရက် ပေါင်း ၂၀ ကျော် ကြာလာတာကြောင့် ဆက်သွယ်ရေးတွေ ခက်ခဲလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း ၃၀၀ လောက် သိမ်းပိုက်ထားပါတယ်။