
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီ နီးပါးက စတင်ပြီး လေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က ပုလဲမြို့နယ်အတွင်းကို လေယာဉ်နဲ့ ဗုံးသီး ၂၈ လုံးအထိ ကြဲချခဲ့တယ်လို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။
“ကြဲချတာက ပုလဲနယ် အုန်းနှောက်အနီးအနားတဝိုက်၊ သပြေကုန်းလမ်းခွဲ၊ ကန့်ဒေါင့်ရွာ အနီးဝန်းကျင်နဲ့ တောင်ရွာသစ်ရွာအနီးကို ပတ်ကြဲချသွားတာဗျ။ အဲလိုကြဲချလို့ တောင်ရွာသစ်ရွာက အမျိုးသမီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်ဗျ။ အသက် ၅၀ ခန့် အမျိုးသမီး စစ်ရှောင်တဦးရယ် အသက် ၂၇ ခန့် အမျိုးသမီးတဦးရယ် ထိတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပုလဲမြို့အတွင်းကို တံတားဦးကတက်လာတဲ့ Y-12 တစီးနဲ့ ညနေ ၃ နာရီ ၅၄ မိနစ်က စတင်ပြီး ၄ နာရီ ၃၁ မိနစ်အထိ ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “စစ်တပ်ကတော့ ဒီလိုမျိုး အကြောင်းမဲ့ တိုက်ခိုက်နေတာဟာ စစ်ရှုံးနေတဲ့အတွက် အရပ်သား ပြည်သူတွေကို အကြမ်းဖက်သက်သက်နဲ့ အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာလို့ပဲ ပြောရမယ်ဗျ။ နောက်ပြီးတော့ သရက်ကန်ကျေးရွာကိုလည်း အင်မထီးပျူရွာက ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကာင်စီတပ်က ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်း ၆ နာရီ မိနစ် ၅၀ ကစပြီး ရွာကို မီးရှို့နေတယ်” လို့ ပြောပါတယ်။
သရက်ကန်ကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အခုလို မီးရှို့ခံရတာ ဒါနဲ့ဆိုရင် ၂ ကြိမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။ စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေရပါတယ်။