
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်က စစ်ကောင်စီရဲ့ ထွေအုပ်ဝန်ထမ်း အိမ်ရာဝင်းအတွင်းကို ဇူလိုင် ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထွေအုပ်ဝန်ထမ်းအိမ်ရာ ခြံဝင်းအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် လူငယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ ပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ထွေအုပ်ဝန်ထမ်းအိမ်ရာထဲကို လက်နက်ကြီးကျခဲ့တာ။ မနက်စောစောပိုင်းက ဖြစ်တာ။ ၂ ယောက် ဒဏ်ရာရရှိတယ်။ ဆယ်ကျော်သက်အရွယ် ၂ ယောက်ပါ။ အသက်အန္တရာယ်တော့ မရှိဘူး” လို့ ပြောပါတယ်။
အဲဒီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် ဝန်ထမ်းအိမ်ရာရဲ့ လူနေအိမ်ပေါ်ကို လက်နက်ကြီးအပိုင်းအစတွေ ကျရောက်ခဲ့လို့ နေအိမ်ခေါင်မိုးတစိတ်တပိုင်း ပျက်စီးခဲ့ပါတယ်။
ဒေသခံ ရပ်မိ ရပ်ဖ တယောက်က “ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်တယ်ဆိုတာ မသိသေးပါဘူး။ စစ်ကောင်စီနဲ့ တဖွဲ့တည်း အဖွဲ့တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုဆိုပြီး လူမှုကွန်ရက်မှာ စွပ်စွဲ ရေးနေပါတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ ဧရာရပ်ကွက်က ထွေအုပ်ဝန်ထမ်းအိမ်ရာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း သီတာရပ်ကွက်က အစိုးရဝန်ထမ်းအိမ်ရာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူတယောက် သေဆုံးခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။