မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီးတယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ တာဝန်ခံတယောက်က “ပေါက်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ နယ်သတ်ရွာပါ။ ပေါက်မြို့နယ်ထဲမှာ ပါတာပေါ့။ ဗုံးက ရွာအစွန်ကိုကျတာ ဆိုပေမဲ့ ရွာအစွန်မှာရှိနေတဲ့ အိမ်တလုံး ပျက်စီးတယ်။ အဲဒီအိမ်က သားအမိ ၂ ယောက် နေကြတာ။ အမေဖြစ်တဲ့သူက ခြေထောက်မှာ ဒဏ်ရာရပြီး သမီးဖြစ်သူကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ သူတို့နေတဲ့အိမ်ကတော့ လုံးဝပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းက “အဲဒီရွာမှာက တိုက်ပွဲဖြစ်နေတာမရှိဘဲ ဗုံးလာလာကြဲတာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ကို ၂ လုံးပါ။ ပေါင် ၂၅၀ လောက် ဖြစ်မယ်ထင်တယ်။ အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်အတွင်း ဗုံးကြဲခံနေရတာ ၄ ကြိမ်ထက် မနည်းတော့ဘူး။ ရွာမှာနေကြတဲ့သူတွေ အများစု ခဏခဏ ဗုံးကြဲခံနေရတော့ အဲဒီရွာကနေ ထွက်သွားကြတာ ကြာပြီ။ လူသိပ်မရှိကြဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်လာနေလို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပေးနေတဲ့ လေကြောင်းရန် သတိပေးချက်တွေကို အလေးထား လိုက်နာကြဖို့အပြင် ဗုံးခိုကျင်းတွေကိုလည်း မဖြစ်မနေ တူးထားကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။