
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာအနီးကို ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားတွေ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ နေရပ်စွန့်ခွာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရွာကြီးကုန်း ရွာသားတယောက်က “သူတို့က ဘာသတင်းရတာလဲ မသိပါဘူးဗျာ။ ရွာအနီးပဲ လာလာချနေတာ။ ဒီလထဲကို ၂ ကြိမ် ရှိနေပြီဗျ။ သူတို့ လာချတာက နေရာလွဲနေတာလားတော့ မသိဘူး။ ကျနော်တို့ရွာမှာရော၊ ရွာအနီးမှာရော ဘယ်ကာကွယ်ရေးတပ်ဖွဲ့မှ မရှိဘူး။ တော်လှန်ရေးအဖွဲ့တွေကလည်း ကျနော်တို့ ရွာအနီးကို နေလည်းမနေဘူး။ သူတို့ သတင်းပေးတဲ့သူကလည်း သတင်းအမှားပေးတာလား၊ ဒါမှမဟုတ်ရင် လေယာဉ်မောင်းတဲ့သူက နေရာလွဲချတာလားတော့ မသိဘူး။ ဒီနေ့ ကြဲချတာကတော့ ဗုံးသီးက တလုံးတည်းရယ်ပါ။ တောထဲကို ချသွားတာဗျ။ ဘာမှ ထိခိုက်မှုကတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ရွာကုန်းကြီးရွာဟာ ကျွန်းလှမြို့အနောက်ခြမ်းမှာ တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတခု ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျွန်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ စစ်တပ် ဗုံးကြဲချတဲ့နေရာကို ရှင်းလင်းရေး သွားလုပ်ခဲ့ကြသေးတယ်ဗျ။ လူထိခိုက်မှု မရှိခဲ့ပါဘူးဗျ။ ကြဲချတဲ့လေယာဉ် အမျိုးအစားက တံတားဦးတက် ဂျက်ဖိုက်တာလေယာဉ် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာကို ဇူလိုင် ၆ ရက်ကလည်း အခုလို လေယာဉ်နဲ့ ဗုံးကြဲချလို့ အရပ်သားပြည်သူနေအိမ် ပျက်စီးခဲ့ရပြီး ကားအပါအဝင် ဆီပေပါတွေလည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။