
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လျှပ်စစ်မီးကို ၃ ရက်ခြား ၄ နာရီ ပြန်ပေးနေပြီဖြစ်ပြီး စစ်ကောင်စီက မီတာခတွေ ပြန်ကောက်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်တပ်တွေ ထိန်းချုပ်စဉ်နဲ့ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းစဉ် အခုအချိန်ထိ လားရှိုးမြို့မှာ မီးပုံမှန်ပြန်မရသေးတာကြောင့် မီတာခတွေကို မကောက်ခံဘဲ ထားတာဖြစ်ပေမဲ့ ဇူလိုင် ၁၄ ရက်ကစလို့ စစ်ကောင်စီဘက်က မီတာဖတ်တာတွေ လာလုပ်နေပြီလို့ ဆိုပါတယ်။
လားရှိုးဒေသခံတယောက်က “မီတာလည်း လာဖတ်တယ်၊ ပြီးခဲ့တဲ့ ၅ ရက်လောက်က။ ဘေလ်တော့ မဆောင်ရသေးဘူး။ အရင်က ယူနစ်တွေကို ဆောင်ခိုင်းမယ် ထင်တယ်။ MNDAA တုန်းကတော့ အခမဲ့ပေးတာ။ အခု ၃ ရက်ခြား တခါလောက် မီးပေးနေတယ် ၄ နာရီလောက်။ မီတာစောင့်ရှောက်ခ ၁,၀၀၀ လည်း ကောက်မယ်ထင်တယ်” လို့ DVB ကို ပြောပါတယ်။
ကိုးကန့်တပ် (MNDAA) ထိန်းချုပ် နမ့်မျှော်၊ မံစံဘက်ကနေ လားရှိုးကိုပေးတဲ့ လျှပ်စစ်မီး ၂၀၀၀ မဂ္ဂါဝပ်ထဲကမှ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ သုံးပြီး ပိုလျှံဓာတ်အားကို ရပ်ကွက်တွေဆီ ပြန်ပို့လွှတ်ပေးထားတာလို့ ဆိုပါတယ်။
လားရှိုးဒေသခံတယောက်ကလည်း “အခုထိတော့ လာမကောက်သေးဘူးနော်။ လာကောက်ရင် ပြေစာပြမယ်။ ဘာမှမပြောသွားဘူး။ လာဖတ်ပြီး ပြန်သွားတာ။ ရပ်ကွက်တိုင်း မီးပြန်ရပြီလား ဆိုတာတော့ မသိဘူး။ ကျနော်တို့ ရပ်ကွက်ကတော့ ၃ ရက်ခြား ၄ နာရီရပြီ” လို့ ပြောပါတယ်။
မီတာလာဖတ်သွားပေမဲ့ မီတာခ ဘယ်လောက်ကျမယ် ဆိုတာကိုတော့ မသိရသေးဘဲ အမှိုက်ခွန်ကိုတော့ ကောက်ခံနေပြီလို့ ဆိုပါတယ်။
အဲဒီအမှိုက်ခွန်ကိုလည်း စစ်ကောင်စီဆီမှာ ခွင့်ပြုမိန့်ရရှိထားတဲ့ လားရှိုး အီကို ကုမ္ပဏီလီမိတက်ကနေ ကောက်ခံနေတာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်တဲ့ မူဆယ်နဲ့ လားရှိုးမြို့တွေမှာ ကောက်ခံတာလို့ ဆိုပါတယ်။