
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က ဇူလိုင် ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ လုံးနဲ့ ကား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “လေယာဥ်ဟေ့လို့ အော်တာနဲ့ ကြဲပြီးခဲ့ပြီမို့လို့ တော်တော်ကြောက်တာ၊ အရင်ကလာနေကျအစီးတွေမဟုတ်ဘူး၊ အတော်ကိုကြီးတယ် လေယာဥ်က” လို့ ပြောပါတယ်။
စစ်တပ်ရဲ့လေယာဥ်တွေဟာ အရင်က မကြဲခင် ဝဲနေပြီး ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာ လေယာဥ်မဝဲတော့ဘဲ တန်းကြဲသွားတာဖြစ်လို့ ပိုစိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက်နေ့မှာ ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁ဝ ရက်၊ ၁၄ ရက်နဲ့ ၁၅ ရက်မှာ မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၁၁ ယောက်သေဆုံးခဲ့ရပြီး အယောက် ၃ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လျော့ချနိုင်ဖို့ လေယာဥ်ဆီဖြတ်တောက်တာ၊ အရပ်သားပြည်သူတွေအတွက် စစ်မဲ့ဇုန်သတ်မှတ်တာ၊ စစ်ကောင်စီတပ်ကို ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင် ၉ ရက်နေ့က တောင်းဆိုထားပါတယ်။
ဓာတ်ပုံ - WaToke