Home
မြန်မာသတင်း
ယခုဘဏ္ဍာနှစ် ပထမ ၃ လတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်‌ဒေါ်လာ သန်း၄၀ ကျော်သာရှိ
DVB
·
July 17, 2025

အခုလက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၈ သန်းသာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ကာလတူမှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမဆုံး ၃ လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ အမေရိကန်‌ဒေါ်လာ ၁၄၇ ဒသမ ၉ သန်း ရှိခဲ့တာပါ။

လက်ရှိဘဏ္ဍာနှစ်မှာဆိုရင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး ၁၂ ခုထဲက ၃ ခုမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ပါတယ်။ ဒါတွေကတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍက ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍက ၃၅ ဒသမ ၇၆၅ သန်းနဲ့ ဝန်ဆောင်မှုကဏ္ဍက ၂ ဒသမ ၅၈၉ သန်းစီ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက ၁၃ ဒသမ ၄၆ သန်းနဲ့ အများဆုံးဖြစ်ပြီး တရုတ် (တိုင်ပေ) က သုည ဒသမ ၃၉ သန်း၊ ဟောင်ကောင်က ၁၀ သန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားက သုည ဒသမ ၅ သန်းစီ၊ စင်ကာပူက ၄ ဒသမ ၇ သန်းနဲ့ ထိုင်းနိုင်ငံက ၁၀ ဒသမ ၅ သန်းတို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏဟာ သိသိသာသာ ကျဆင်းလာတာ ဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေးမူဝါဒဆိုင်ရာ မရေရာမှုတွေက ရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တားနေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာနိုင်ငံကို FDI ဝင်ရောက်မှု အနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၉၀ သန်းသာ ရှိခဲ့ပါတယ်။

အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ရ၈ ဘီလီယံနဲ့ ယှဉ်ရင် သိသိသာသာ လျော့နည်းကျဆင်းသွားတာ ဖြစ်ပါတယ်။

တနှစ်ထက်တနှစ် ကျဆင်းလာတဲ့ FDI ဝင်ရောက်မှုပမာဏဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင်အပေါ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျဆင်းနေတာကို ထင်ဟပ်ပြသနေတာလို့ စီးပွားရေး စောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။

FDI ကျဆင်းခြင်းက အလုပ်အကိုင်အခွင့်အလမ်းတွေကို လျော့နည်းလာ‌စေပြီး စီးပွားရေး တိုးတက်မှုကိုလည်း နှေးကွေးစေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုကို ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွက် အရင်က ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့၊ အခုတော့ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ပြောင်းလဲခန့်မှန်းထားကာ စစ်ခေါင်းဆောင်ကတော့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်တွေဟာ အချက်အလက် မပြည့်စုံဘဲ မမှန်ကန်ကြောင်း ဝေဖန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံ ရှိလာဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013