
စစ်ကောင်စီက လာမယ့် ၂၀၂၅၊ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ သူတို့ပြောသလို ဒီမိုကရေစီအတွက် တိုးတက်တဲ့ လက္ခဏာတခုတော့ မဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ အချိန်ဆွဲဖို့၊ အာဏာကို ခိုင်မာအောင်လုပ်ဖို့၊ ပြည်တွင်းပြည်ပအမြင်ကို လှည့်စားဖို့ အရင်ကတည်းက စစ်တပ်သုံးနေကျ လှည့်ကွက်ဟောင်းတခုပါပဲ။ ကမ္ဘာကြီးအနေနဲ့ ဒီတခါတော့ ထပ်ပြီး အလိမ်မခံရဖို့ အရေးကြီးပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းလိုက်ပြီ ဆိုကတည်းက မြန်မာနိုင်ငံဟာ ဝရုန်းသုန်းကား အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ နုနယ်တဲ့ ဒီမိုကရေစီကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးမှာ ခုခံတော်လှန်မှုတွေ ဖြစ်လာအောင် မီးမွှေးပေးခဲ့သလို တိုင်းပြည်ကို ရှည်ကြာတဲ့ ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့လိုက်ပါတယ်။ စစ်အာဏာသိမ်းဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေဟာလည်း ယနေ့တိုင် သက်ဝင် တည်ရှိနေတုန်းပါပဲ။ စစ်တပ်ဟာ ဒီအခြေအနေကို အသုံးချကာ အာဏာကို အပြည့်အဝ ရယူထားသလို အတိုက်အခံတွေကိုလည်း အသံတိတ်သွားစေတဲ့အထိ ရက်ရက်စက်စက် ဖိနှိပ်နေပါတယ်။ လူထောင်ပေါင်းများစွာ အဖမ်းခံရ၊ နှိပ်စက်ခံရ၊ အသတ်ခံထားရပါတယ်။ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားတွေမှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ခံရတာမျိုး၊ နေရပ်ကနေ မောင်းထုတ်ခံရတာမျိုး ဆက်လက်ကြုံ တွေ့နေရတုန်းပါပဲ။ တချိန်တည်းမှာပဲ NLD လို အဓိက အတိုက်အခံပါတီတွေကို တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တွေကိုလည်း မဟုတ်မမှန် လုပ်ကြံစွဲဆိုချက်တွေနဲ့ ထောင်ထဲထည့်ထားပါတယ်။
ဒီလိုအခြေအနေတွေကြားထဲမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ကတိဟာ ရယ်စရာသက်သက်ပါပဲ။ စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးပြိုင်ဘက်တွေကို ဖိနှိပ်ထားပြီး ပြည်သူ့လွတ်လပ်ခွင့်တွေ မရှိတဲ့အချိန်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လွတ်လပ်မျှတတယ်လို့ ပြောလို့မရပါဘူး။ ဒါဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို စော်ကားတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ဒီကြေညာချက်ဟာ အကွက်ကျကျ တွက်ချက်ပြီးမှ လုပ်တာပါ။ နိုင်ငံတကာက သူတို့ကို ပိုပြီး ဖယ်ကြဉ်လာတာကို ရှောင်ဖို့၊ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကို လျှော့ချဖို့ အချိန်ကိုက် ကြေညာလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေ တိုးတက်မှုရှိလာသယောင် ဟန်ပြလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဒေသတွင်း နိုင်ငံတွေရဲ့ သံတမန်ရေးဖိအားတွေ လျော့လာမလား၊ အလှူရှင်နိုင်ငံတွေဆီက အဆက်အသွယ် ပြန်လုပ်လာမလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါဟာ အရင်ကတည်းက စစ်ဗိုလ်ချုပ်တွေ ကျင့်သုံးခဲ့ဖူးတဲ့ နည်းဗျူဟာတခုပါပဲ။ အောင်မြင်မှု အနည်းငယ်တော့ ရှိခဲ့တာပေါ့။
၂၀၁၀ တုန်းကလည်း စစ်အစိုးရဟာ တိုင်းပြည်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး တဖက်မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယုံကြည်ရလောက်တဲ့ အတိုက်အခံတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စစ်တပ်လိုချင်တဲ့ရလဒ် ထွက်လာအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီဟန်ပြလုပ်ရပ်ကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရေး နည်းနည်းပြန်ကောင်းလာခဲ့တယ်။ ယာယီအားဖြင့် ဒီမိုကရေစီတံခါး ပွင့်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ပဲ နိဂုံးချုပ်သွားရပါတယ်။ အဲဒီအချိန်က ရလိုက်တဲ့ သင်ခန်းစာဟာ ရှင်းရှင်းလေးပါ။ မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုပြီဆိုတာနဲ့ အဲဒီတရားဝင်မှုကို သူ့အာဏာမြဲဖို့အတွက် အသုံးချမယ်ဆိုတဲ့ အချက်ပါပဲ။
အခု မလေးရှား ဦးဆောင်နေတဲ့ အာဆီယံမှာ အခွင့်အရေးကောင်းတခုနဲ့အတူ ကြီးမားတဲ့ တာဝန်လည်း ရှိနေပါတယ်။ အဲဒါကတော့ အတိတ်ကအမှားတွေ ထပ်မဖြစ်အောင် တားဆီးဖို့ ဖြစ်ပါတယ်။ ဒေသတွင်း အဓိကအဖွဲ့ဖြစ်တဲ့အတွက် အာဆီယံရဲ့ ရပ်တည်ချက်ဟာ အလွန်အရေးပါပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့မညီတဲ့ ဘယ်လိုရွေးကောက်ပွဲမျိုးကိုမဆို အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချပစ်ရပါမယ်။
ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ဆိုရင် ရွေးကောက်ပွဲကို အသိအမှတ်မပြုခင်မှာ ရှင်းလင်းပြီး လိုက်နာအောင် လုပ်နိုင်တဲ့ ကြိုတင်စည်းကမ်းချက်တွေကို အခိုင်အမာ တောင်းဆိုရပါမယ်။ အဲဒီစည်းကမ်းချက်တွေကတော့ - စစ်ကောင်စီကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ရုပ်သိမ်းဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့်နဲ့ လူထုလွတ်လပ်ခွင့်တွေ ပြန်ပေးဖို့၊ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည်ရပ်တည်ခွင့်ပေးဖို့ စတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမရှိဘဲ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့ အတည်ပြုပေးလိုက်တာနဲ့ ထူးမခြားနားပါပဲ။
ဒါ့အပြင် မဲစာရင်းကောက်တာကစလို့ မဲရေတွက်တဲ့အထိ အဆင့်တိုင်းမှာ နိုင်ငံတကာ လေ့လာသူတွေ ပါဝင်နိုင်ဖို့ အာဆီယံက သေချာလုပ်ပေးရပါမယ်။ လေ့လာစောင့်ကြည့်တာကလည်း ဟန်ပြသက်သက် မြို့ပေါ်လေးတင်ပဲ ကွက်ကွက်လေး လုပ်တာမျိုး မဖြစ်ရပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရပါမယ်။ လေ့လာသူတွေ ယုံကြည်ရလောက်တဲ့အထိ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးဟာ မျှတမှုရှိကြောင်း အာမခံနိုင်ရပါမယ်။ ဒီလိုမှမဟုတ်ရင် စစ်တပ်က ကြိုတင်ဖန်တီးထားတဲ့ ရလဒ်ကို ဖုံးကွယ်ပေးရာ ရောက်သွားပါလိမ့်မယ်။
မလေးရှားဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဒီကိစ္စကို ဦးဆောင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ ဒေသတွင်း တရားမျှတမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲကြောင်း ပြသထားပြီးဖြစ်ပါတယ်။ သူ့အစိုးရအနေနဲ့ မြန်မာ့ရွေးကောက်ပွဲအပေါ် ခိုင်မာတဲ့ ရပ်တည်ချက်တခုရဖို့ အာဆီယံတဖွဲ့လုံးကို စည်းရုံးသင့်ပါတယ်။ ဆိုလိုတာကတော့ စစ်ကောင်စီဘက်က တကယ့် ဒီမိုကရေစီ အပြောင်းအလဲအတွက် လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပြနိုင်မှသာ အာဆီယံအနေနဲ့ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒမျိုး ချမှတ်ရပါမယ်။
၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ လမ်းညွှန်ချက်အဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ စစ်ကောင်စီက ဒါကို လုံးဝဂရုမစိုက်ဘဲ ပစ်ပယ်ထားတဲ့အတွက် ခုချိန်ထိ ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး။ အာဆီယံအနေနဲ့ ဒီသဘောတူညီချက်ကို မလိုက်နာရင် ဘာဖြစ်မယ်ဆိုတဲ့ အရေးယူမှုမျိုး မလုပ်နိုင်ဘူး ဆိုရင်တော့ ဒီသဘောတူညီချက်ဟာ အလကားပါပဲ။ ဒါကြောင့် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ပယ်ချလိုက်တာဟာ အာဆီယံရဲ့ သံတမန်ရေးရာသိက္ခာကို ပြန်ဆယ်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါလိမ့်မယ်။
နိုင်ငံတကာအသိုက်အဝန်းကလည်း လုပ်စရာရှိတာကို လုပ်ရပါမယ်။ အနောက်နိုင်ငံအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးက “တကယ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ် မရှိဘဲ ဘယ်လိုရလဒ်ကိုမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး” ဆိုတာကို တညီတညွတ်တည်း၊ ပြတ်ပြတ်သားသား ပြောထားရပါမယ်။ ဒီမိုကရေစီပြန်မရမချင်း ပစ်မှတ်ထား အရေးယူမှုတွေကို ဆက်လုပ်ရပါမယ်။ ပိုအရေးကြီးတာက မြန်မာပြည်ကိုပေးတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို တိုးပေးရပါမယ်။ ဒါပေမဲ့ အဲဒီအကူအညီတွေကို စစ်ကောင်စီလက်ထဲ ထည့်လို့မရပါဘူး။ ကြားနေ လွတ်လပ်တဲ့ အဖွဲ့တွေကနေတဆင့်ပဲ ပေးရပါမယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဟာ အဲဒီလိုအကူအညီတွေကို ကိုယ်ကျိုးအတွက် သုံးနေကျမို့လို့ပါပဲ။
နောက်ဆုံးအချက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို နိုင်ငံရေးလမ်းပြမြေပုံမှာ ထည့်သွင်းရပါမယ်။ ဒီအဖွဲ့တွေဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေထက် ပြည်သူ့ဆန္ဒကို ပိုပြီးကိုယ်စားပြုပါတယ်။ တိုင်းပြည်ရဲ့ အစစ်မှန်ဆုံး ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူတွေရဲ့ အသံတွေကို လျစ်လျူရှုပြီး မြန်မာပြည်ရဲ့ အနာဂတ်ကို တည်ဆောက်လို့မရပါဘူး။
ဒီကိစ္စဟာ အရေးကြီးပါတယ်။ ကလိမ်ကကျစ်နဲ့ မမျှတတဲ့ ရွေးကောက်ပွဲတခုဟာ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို ပိုပြီး သက်ဆိုးရှည်စေပါတယ်။ ဒါတင်မက ဒီမိုကရေစီယိုင်နဲ့နေတဲ့ ဒေသတခုလုံးမှာပါ အာဏာရှင်စနစ် ပိုမိုအမြစ်တွယ်သွားနိုင်ပါတယ်။ “ငါတို့က ပြည်တွင်းရေး မစွက်ဖက်ဘူး” ဆိုပြီး အမြဲလိုလို ဂုဏ်ယူလေ့ရှိတဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေးဟာ ပြည်တွင်းရေး မဟုတ်တော့ဘူး ဆိုတာကို နားလည်ရပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဒေသတွင်း တည်ငြိမ်ရေး၊ ဒုက္ခသည်အရေးနဲ့ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ ခြိမ်းခြောက်လာနေလို့ပါပဲ။
တကယ်လို့ အာဆီယံနဲ့ နိုင်ငံတကာဟာ အခုလို ကလိမ်ကကျစ်နိုင်တဲ့ ရွေးကောက်ပွဲကို သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် သူတို့ဟာ စစ်ကောင်စီရဲ့ “လိမ်ဆင်ဇာတ်” ထဲမှာ အလိုတူအလိုပါ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးမှာ အားလုံးပါဝင်ဖို့နဲ့ ဒီမိုကရေစီ အကာအကွယ်တွေအတွက် ရှင်းလင်းတဲ့စည်းကမ်းတွေ သတ်မှတ်ပြီး စစ်ကောင်စီကို ဖိအားပေးနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံကို တရားမျှတပြီး ငြိမ်းချမ်းတဲ့ အခြေအနေတခုဆီ ရောက်အောင် ကူညီနိုင်ပါလိမ့်မယ်။
အခုအချိန်ဟာ စစ်ကောင်စီကို အသိအမှတ်ပြုပေးရမယ့်အချိန် မဟုတ်ပါဘူး။ သတိကြီးကြီးနဲ့ စောင့်ကြည့်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လံကြုတ်ပြဇာတ်ထဲမှာ မျောပါမသွားဖို့ အရေးကြီးပါတယ်။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ စစ်အုပ်ချုပ်ရေးကို ထပ်မလိုချင်တော့ပါဘူး။ သူတို့ဟာ တကယ်လွတ်လပ်တဲ့ ရွေးချယ်ခွင့် အစစ်အမှန်ကိုသာ ရထိုက်သူတွေ ဖြစ်ကြပါတယ်။
ဒေါက်တာ အာဇင်းမ် အီဘရာဟင်
Ref: Eurasia Review