Home
မြန်မာသတင်း
စစ်ကောင်စီက သတင်းပေးများ တိုးမြှင့်မွေးထုတ်လာသဖြင့် လူငယ်များ သတိထားနေရ
DVB
·
July 13, 2025

ရန်ကုန်မြို့မှာ စစ်ကောင်စီက သတင်းပေးတွေကို တိုးမြှင့်မွေးထုတ်ကာ နေရာစုံ ဖြန့်ကြက်ထားတာကြောင့် တော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့ လူငယ်တွေ ပိုပြီးသတိထားနေကြရတယ်လို့ ကာယကံရှင်တချို့က ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီအတွက် ပေါ်ပေါ်ထင်ထင်သတင်းပေးလုပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ အာဏာသိမ်းတာကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီဝင်တချို့ကို တော်လှန်ရေးသမားတွေက ရှင်းလင်းတာတွေ ရှိလာပြီးနောက်မှာ သာမန်မသိနိုင်တဲ့ သတင်းပေးတွေ မွေးထုတ်လာတာ တွေ့လာရတယ်လို့ မြို့ပြသပိတ်အင်အားစုထဲ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တယောက်က ပြောပါတယ်။

“အရင်ကဆို ဘယ်သူက စကစ ရဲ့ သတင်းပေးဆိုတာ သိရတယ်။ အဲဒီတော့ ကြိုရှောင်လို့ရတယ်။ အခုက ထပ်ပြီးမွေးထုတ်ထားတဲ့ သတင်းပေးတွေ ရှိနေတယ်ဆိုတာကို တန်ပြန်စုံစမ်းသိရတာတွေလည်း ရှိတယ်။ ဒီတော့ ပိုပြီးသတိထားလာရတယ်။”

စစ်ကောင်စီက ရပ်ကျေးအဆင့်ကစပြီး ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းပြီး သတင်းပေးတွေကို ပေါ်ပေါ်ထင်ထင်ဖွဲ့စည်းလာတာရှိသလို သာမန်မသိနိုင်တဲ့သူတွေကို သတင်းပေးအဖြစ် မွေးထုတ်ထားတာမျိုး လုပ်လာတာလို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတချို့က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဆီက မြေပြင်သတင်းတွေကို ရယူနေရုံတင်မကဘဲ မွေးထုတ်ထားတဲ့ သတင်းပေးတွေဆီက နေ့စဥ်ထူးခြားမူအခြေအနေကို စုဆောင်းရယူနေတာလို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ အုပ်ချုပ်ရေးအပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ကိုယ့်အပိုင်အုပ်ချုပ်ရေးအဖွဲ့တွေတောင် မသိဘဲ တိုက်ရိုက်ခိုင်းထားတဲ့ သတင်းပေးတွေရှိတယ်။ သူတို့ဆီက သတင်းတွေ ပုံမှန်ယူပြီး တခုခုဆိုမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဆီ ပြန်အတည်ပြုချက်တောင်းတာမျိုး ရှိလာတာ။”

အဲဒီလို စစ်ကောင်စီက မွေးထုတ်ဖြန့်ကြက်ထားတဲ့ သတင်းပေးတွေဟာ နေရာစုံမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေပြီး သူတို့အတွက် ခံစားခွင့် အထောက်အပံ့ပေးကာ သိမ်းသွင်းထားတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ တရားမဝင်ရွေးကောက်ပွဲကို ရန်ကုန်မြို့မှာ လုပ်နိုင်ရင် ပုံရိပ်ကောင်းရနိုင်တယ်ဆိုတဲ့ စိတ်ကူးရှိနေပြီး ရွေးကောက်ပွဲ ထိခိုက်မှုမရှိရအောင် လုံခြုံရေးနဲ့ သတင်းထောက်လှမ်းတဲ့ လုပ်ငန်းတွေကို အရှိန်မြှင့်လာတဲ့ သဘောဖြစ်နိုင်တယ်လို့ ပြည်တွင်းအခြေပြု နိုင်ငံရေးလှုပ်ရှားသူတွေက သုံးသပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013