Home
မြန်မာသတင်း
လူငယ်များ ပြည်ပထွက်မှု ပိုများလာ၊ ရွှေ့ပြောင်းနေထိုင်မှုများကို သတိထားကိုင်တွယ်ရန် ဒုစစ်ခေါင်းဆောင်ပြော 
DVB
·
July 13, 2025

လူငယ်အများအပြား ပြည်ပထွက်ခွာတာပိုများလာပြီး  ပြည်ပ‌‌ရွှေ့ပြောင်းနှုန်းကို ဆန်းစစ်လေ့လာဖို့နဲ့ ရွှေ့ပြောင်းနေထိုင်လာတာတွေကို သတိထား ကိုင်တွယ်ရမယ်လို့ ဒု စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇူလိုင် ၁၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ပွဲမှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောခဲ့တာလို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်သန်းခေါင်းစာရင်းအရ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံမှာ လူတိုးပွားလာတာမရှိဘူးလို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယကလည်းဖြစ်တဲ့ ဒု စစ်ခေါင်းဆောင်က ပြောပါတယ်။

မိမိတို့မြန်မာနိုင်ငံရဲ့ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄  ခုနှစ် သန်းခေါင် စာရင်းအရလူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ လူဦးရေ ၅၆ ဒသမ ၂ သန်းခန့် ဖြစ်လာမယ်လို့ခန့်မှန်းပေမဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေ စာရင်းအရ  လက်ရှိလူဦးရေက  ၅၁ ဒသမ ၃ သန်းကျော်သာရှိတယ်လို့ ဆိုပါတယ်။

အရင်လူဦးရေတိုးနှုန်းအရ လူဦးရေတိုးပွားလာရမှာဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ ၁၀ နှစ်တာကာလအတွင်းတွင် လူဦးရေ တိုးပွားလာခြင်းမရှိတာကို တွေ့ရမှာဖြစ်လို့ လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေတဲ့ ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပ‌‌ရွှေ့ပြောင်းနှုန်းတွေကို ဆန်းစစ်လေ့လာဖို့လိုတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ် ။

ကိုဗစ်-၁၉ ရောဂါနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့လို့လည်း  ပြောပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ကျလာပြီး လူငယ်အများအပြားကလည်း ပြည်ပထွက်ခွာမှုတွေ ပိုမိုပြုလုပ်လာတာကို တွေ့ရတယ်၊၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ သက်ကြီးရွယ်အိုလူဦးရေ များပြားလာမှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာပြီး လုပ်သားကဏ္ဍ လိုအပ်ချက်တွေ များလာခြင်းကြောင့် လုပ်သားအင်အား ရွှေ့ပြောင်းမှုတွေရှိနေကြတယ်။ ဒါကြောင့်  မိမိတို့နိုင်ငံမှာလည်း လူဦးရေ လျော့နည်းလာတဲ့အပြင် လူ့စွမ်းအားအရင်းအမြစ်တွေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအင် မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်းနေထိုင်လာမှုတွေကို သတိထား ကိုင်တွယ်ဆောင်ရွက်ရမယ်”လို့ ပြောပါတယ်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတယောက် ကလေးမွေးဖွားနှုန်းဟာ ၄ ဒသမ ၇ ယောက် ရှိခဲ့ပေမဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ ကလေး ၂ ဒသမ ၃ ယောက် နှုန်းလောက်ထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၂ ဒသမ ၁ ယောက်နှုန်းအောက်ကို   ကျဆင်းလာတာကိုတွေ့ရတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူစဉ်ကာလမှာ အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပြီး အဲဒီလုပ်ငန်းတွေကို အသက်ပေး တာဝန်ထမ်းဆောင်ခဲ့သူတွေကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့လည်း ပြောပါတယ်။

၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကို နိုင်ငံတွင်းရှိတဲ့ မြို့နယ် ၃၃၀ ထဲက ရာနှုန်းပြည့် ၁၄၅ မြို့နယ်၊ တစိတ်တဒေသ ၁၂၇ မြို့နယ်မှာပဲ ကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေကနေ လူဦးရေ ၃၂ သန်းကျော် ကောက်ယူရရှိပြီး မကောက်ယူနိုင်တဲ့ ဒေသတွေအတွက် ၁၉ သန်းကျော် ခန့်မှန်းတွက်ချက်ထားလို့ စုစုပေါင်း ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013