
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်းအတွက် လူသစ်မပို့ပေးတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၃ ယောက်ကို သတိပေးစာပို့လာတယ်လို့ သိရပြီး မအူပင်မြို့နယ်မှာတော့ စစ်မှုထမ်း ထောက်ပံ့ကြေး တိုးကောက်တာကို တိုင်ကြားပေမဲ့ အရေးမယူဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းအတွက် လူစုဆောင်းမပို့တာဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်ကို လိုက်ပါလုပ်ဆောင်တာမရှိဘဲ ရှောင်ဖယ်ပျက်ကွက်တာကြောင့် အရေးယူခံရမယ်လို့ အုပ်ချုပ်ရေးမှူးတွေဆီ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က သတိပေးစာပို့လာတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ကုန်းတန်းပုတ္တကျေးရွာအုပ်စု၊ ကျောက်တံခါးကျေးရွာအုပ်စုတို့က အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဇူလိုင် ၂၂ ရက် နောက်ဆုံးထားပြီး လူသစ် ၁ ယောက် မပေးနိုင်ရင် စစ်မှုထမ်း ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူမယ်ဆိုတဲ့ သတိပေးစာကို စစ်ကောင်စီရဲ့ ငပုတောမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပေးပို့လာတာဖြစ်ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တရားဝင်စာထုတ် သတိပေး ဖိအားပေးတာတော့ ၁၇ ရက်နေ့က လုပ်တာ။ နှုတ်နဲ့ ဖိအားပေးနေတာတော့ ခဏခဏဖြစ်နေပြီ။ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူမပို့လို့ စာနဲ့ကို ထုတ်ပြောတာ။ အမိန့်မနာခံတာ၊ အရေးကြီးအလုပ်ကို စိတ်ပါဝင်စားမှု မရှိတာကြောင့် အရေးယူမယ်။ ၁၉ ရက်နေ့အထိ လူမပေးနိုင်ဘူး” လို့ ပြောပါတယ်။
အဲဒီကျေးရွာအုပ်စု ၃ အုပ်စုက အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း အပတ်စဉ် ၁၅ အထိ စစ်ကောင်စီကို လူစုဆောင်းပေးခဲ့ပြီး စုဆောင်းပေးခဲ့တဲ့ လူငယ်တွေနဲ့ မိသားစုတွေ အဆက်အသွယ် မရတာ၊ ရှေ့တန်းမှာ သေဆုံးတာ၊ တချို့ သေဆုံးပေမယ့် ပျောက်သွားတယ်လို့ပဲ မိသားစုတွေဆီ လိမ်လည် အကြောင်းကြားတာတွေကြောင့် လူငယ်တွေက တိမ်းရှောင်လာကြသလို အုပ်ချုပ်ရေးမှူးတွေကလည်း လူစုဆောင်းရေးအတွက် အခက်တွေ့နေတာလို့ ဆိုပါတယ်။
ငပုတောမြို့နယ်က ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးတွေက သူတို့လုပ်ရတာ မချောင်တော့ လူစုပေးချင်ပေမယ့် လုပ်လို့ကိုင်လို့မရ ဖြစ်နေတာ။ ဘယ်အုပ်ချုပ်ရေးမှုးက ပြည်သူကို ငဲ့ညှာလို့လဲ။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေ ပိုဆိုးတယ်။ တမင် လုပ်မပေးတာ မဟုတ်ပါဘူး။ ရွာမှာ လိုက်ဖမ်းတဲ့အထိ လုပ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူး ၃ ယောက်ကို တာဝန်အပေါ် အလေးမထားတာ၊ စိတ်ပါဝင်စားမှု မရှိတာ၊ တမင်ပျက်ကွက်တာကြောင့် စစ်မှုထမ်းဥပဒေပုဒ်မ ၂၅ အရ အရေးယူမယ့်အပြင် စစ်မှုထမ်းဖို့ စုဆောင်းပို့ဆောင်ပေးဖို့ စာပို့ခဲ့ပေမယ့် မပို့ခဲ့တာကြောင့် နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေနဲ့ပါ အရေးယူမယ်လို့ ပေးပို့တဲ့စာထဲမှာ ခြိမ်းခြောက်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းကလည်း အရပ်သားတွေကို စစ်မှုထမ်းဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အပြင်းအထန် ဖိအားပေးစည်းရုံးခိုင်းတာကြောင့် ငပုတောမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉ ယောက် နုတ်ထွက်စာ တင်ခဲ့သေးတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မအူပင်မြို့နယ်မှာတော့ စစ်မှုထမ်း ထောက်ပံ့ကြေးအတွက် ကျေးရွာတွေမှာ ငွေတွေ တိုးပြီးကောက်လို့ တိုင်ကြားပေမယ့် အရေးမယူဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်ဒေသခံတယောက်က “မြို့ပေါ်မှာ ကောက်တယ်၊ ဒါပေမဲ့ ရွာတွေ ပိုကောက်တယ်။ တချို့ရွာဆို ပြီးခဲ့တဲ့လက ၅ သောင်းတောင်းတာ၊ အခုကျ ၇ သောင်းတောင်းတယ်။ ပြည်သူတွေ မကျေနပ်လို့ မြို့နယ်စစ်မှုထမ်း ခေါ်ယူရေးတိုင်ကြားလည်း အရေးယူတာမရှိ၊ တိုးကောက်တော့ ပြည်သူ ပိုခက်ခဲတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းတွင်း မြို့နယ်တွေက ရွာတွေဟာ စစ်မှုထမ်းဖို့အတွက် တရွာကို တယောက်စီ အပတ်တိုင်းမှာ ရှာပေးနေကြရတယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းက တက်ကြွလှုပ်ရှားသူတယောက်က “တချို့မြို့နယ်တွေမှာ စစ်မှုထမ်း ထောက်ပံ့ကြေး ခေါင်းစဉ်နဲ့ သိန်းဂဏန်းအထိ ကောက်ခံတာ။ စစ်မှုထမ်းမရှိရင်လည်း တောင်းတာပဲ။ ရွာတွေ ငွေတောင်းပြီးတော့ မြို့ပေါ်တွေမှာ လူငယ်တွေ ပေါ်တာဆွဲတာလုပ်ပြီး ပြန်ရောင်းစားနေတာ။ လူကုန်ကူးသလိုလုပ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းက လေးမျက်နှာ၊ အင်္ဂပူ၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။