Home
မြန်မာသတင်း
TNLA က စစ်မှုထမ်းခေါ်သွားသူ ၆ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေး
DVB
·
July 21, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးရွာက သားသမီးမရှိတဲ့ မိဘ ၁၀ ယောက်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်မှုထမ်းဖို့ ခေါ်သွားခဲ့ပြီး ဇူလိုင် ၁၈ ရက်မှာ ၆ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

နီးစပ်သူတယောက်က “စစ်မှုထမ်းဖို့ခေါ်သွားပြီး တညအိပ်လိုက်ရတယ်။ နောက်ရက် မနက်ကျ အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ ပြည်တွင်းမှာ သားသမီးအလုပ်လုပ်နေတဲ့ မိဘဆိုရင် ၃ လအတွင်း သားသမီးကို စစ်မှုထမ်းဖို့ အာမခံပေးရတယ်၊ ပြည်ပကဆိုရင် အာမခံ ၆ လနဲ့ ပြန်လွတ်လာတယ်” လို့ ပြောပါတယ်။

TNLA က စစ်မှုထမ်းဖို့ ခေါ်သွားသူတွေထဲမှာ TNLA က ခန့်အပ်ထားတဲ့ ဘော်လုံးကြီးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးပါ ပါသွားပြီး ဖမ်းသွားသူ ၁၀ ယောက်ထဲက ကျန်အမျိုးသား ၄ ယောက်ကိုတော့ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

ဒေသခံရွာသားတယောက်က “အဝေးမှာ အလုပ်လုပ်နေတဲ့ သားသမီးက ပြန်လာဖို့ အခုအခြေအနေနဲ့ မလွယ်ဘူး။ အာမခံပေးပြီး သူတို့ပြန်ခေါ်လို့ သားသမီးကမလာရင် မိဘက လိုက်ရမယ် ဆိုတာ အဆင်မပြေဘူး။ ကိုယ့်လူမျိုးကို ဒီလိုလုပ်တာ လွန်တယ်” လို့ ပြောပါတယ်။

TNLA က တအာင်းပလောင်လူမျိုးတွေ နေထိုင်တဲ့ မိုးကုတ်ကရွာတွေဖြစ်တဲ့ ပိန်းပြစ်၊ ဗမွန်၊ ဘော်လုံးကြီး၊ ဘော်လုံးလေး၊ ဆင်ခွာ၊ ကျောက်ကြမ်းရွာတွေကနေ တအိမ်တယောက် စစ်မှုထမ်းဖို့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီး ကောက်ခံနေတာလို့ သိရပါတယ်။

စစ်သားစုဆောင်းတာနဲ့ပတ်သက်လို့ တအိမ်တယောက် တာဝန်ထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းဘဲ ရှောင်တိမ်းရင် အရေးယူတာတွေရှိမယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အရင်က DVB ကို ပြောခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024