
စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိဖို့အတွက် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ခေါင်းဆောင်တဲ့ ၁၉ ယောက် ပါဝင်တဲ့ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှု ကော်မတီကို ဇူလိုင် လ ၇ ရက်က ဖွဲ့စည်းထားကြောင်း ထုတ်ပြန် ကြေညာပါတယ်။
ဇူလိုင် ၇ ရက်က ဖွဲ့စည်းခဲ့တဲ့ စစ်မှုထမ်းပြီးသူများအလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲ့မှုကော်မတီမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ဝန်ကြီး ၃ ယောက်၊ ဒုဝန်ကြီး ၉ ယောက်၊ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၃ ယောက်၊ အတွင်းရေးမှူး တယောက်နဲ့ တွဲဘက် အတွင်းရေးမှူးအဖြစ်တော့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းကာလမှာ မသန်မစွမ်းဖြစ်တဲ့သူတွေကို စစ်ကောင်စီရဲ့လက်ရုံးတွေနဲ့ အစိုးရရုံး ပုဂ္ဂလိကအလုပ်ရုံတွေမှာ အလုပ်အကိုင်ရရှိဖို့အတွက် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
စစ်မှုထမ်း ၂ နှစ်သက်တမ်းပြည့်သူတွေကို စစ်ကောင်စီတပ်က ထွက်ခွင့်ပေးမှာမဟုတ်ဘဲ ရာထူးအဆင့် တခုတိုးပေးကာ လက်ရုံးတပ်တွေမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ခိုင်းဖို့ ရည်ရွယ်တာလို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
"စစ်မှုထမ်းပြီးတဲ့သူတွေကို အလုပ်ပေးဖို့ နေရာပေးဖို့မပြောနဲ့ တပ်ထဲမှာအခုရှိတဲ့ မှီခိုမိသားစုတွေ တောင် အလုပ်မပေးနိုင်လို့ အပြင်ထွက်လုပ်နေကြတာ။ ရှေတန်းမှာ ခြေထောက်ပြတ်သွားလို့ ဆေးပင်စင်နဲ့ ထွက်ရတော့ တပ်ရင်းမှူးဆီ အလုပ်သွားတောင်းတယ်။ စာအုပ်တွေ ထုတ်ပေးလိုက်တယ်။ အဲ့ဒါတွေလိုက်ရောင်းဆိုတဲ့ ပုံစံနဲ့။”
စစ်ကောင်စီတပ်အတွင်း ၂၀၂၂ ခုနှစ်မှစတင်ကာ တိုင်းစစ်ဌာနအလိုက် အလားတူ ကော်မတီမျိုးဖွဲ့ခဲ့ဖူးပေမဲ့ အမှန်တကယ်ကူညီပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ အငြိမ်းစား စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်မှ စတင်သင်တန်းပေးခဲ့ရာ အခုဆိုအပါတ်စဥ် ၁၆ အထိ ရောက်လာပြီ ဖြစ်ပါတယ်။