
ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတလျှောက်နဲ့ အနီးအနားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ထိန်းချုပ်နိုင်မှ စကခ ၁၂၊ ခလရ ၉၇ အောင်ဇေယျစစ်ကြောင်းကို ရိက္ခာ၊ လက်နက် ခဲယမ်း ဖြည့်တင်းနိုင်မှာဖြစ်လို့ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်က ပြောပါတယ်။
“သူတို့(စစ်ကောင်စီ)က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ထိန်းချုပ်နိုင်မှ စကခ ၁၂၊ ခလရ ၉၇ အောင်ဇေယျစစ်ကြောင်းကို ရိက္ခာ၊ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှာမို့လို့ သူတို့စစ်ဆင်ရေး ပိုပြီးအောင်မြင်အောင်ဆိုတဲ့ အနေအထားနဲ့ သူတို့က ဒီ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်။ သူတို့ စစ်ကြောင်းတခါထိုးရင် စစ်ကြောင်း ၃ ကြောင်း ၃ ကြောင်းနဲ့ ထိုးတယ်။ ဒါပေမဲ့ တက်လာသမျှ စစ်ကြောင်းတွေကလည်း ပြန်ပြန်လန်ကျသွားတော့ သူတို့ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။”
လက်ရှိမှာလည်း စစ်ကောင်စီက စစ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် ဘားအံ-ကော့ကရိတ် လမ်းပေါ်က ဂျိုင်းတံတားကိုပါ ပိတ်ထားပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ စောင့်ကြည့်ပျံသန်းတာတွေကြောင့် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျုံဒိုးဘက်ခြမ်း ဒီ(ဂျိုင်း)ကနေ လက်နက်ကြီး အမြဲတမ်းကြားနေရတယ်။ ဒီကနေ စစ်ကြောင်းအင်အားဖြည့်ဖို့ ရိက္ခာနဲ့တက်လာတယ်။ အဲလိုမျိုး ရိက္ခာတက်လာရင် လေယာဉ်တွေ ဝဲနေတယ်။ လက်နက်ကြီးသံက နေ့တိုင်းလို ကြားနေရတယ်။ လေကြောင်းဗုံးကြဲတာက ကျုံဒိုးအထက် နွားခြံကုန်းဘက်များတယ်။ ကျုံဒိုးဘက်ခြမ်း ပြန်လည်ဝင်ရောက်နေထိုင်သူ မရှိဘူး။ ကျုံဒိုးချောင်းရဲ့ အနောက်ဘက်ခြမ်းမှာတော့ ကမ်းနီ၊ ကော့ကျိုက် လေယာဉ်လာဝဲရင် ထိတ်လန့်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ အပါအဝင် ဘားအံ-ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အောင်ခန့်