
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီခွဲကျော်မှာ ဂျက်လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်တွေဟာ မိတ္ထီလာဘက်ကနေ တက်လာပြီး အခုလို ဗုံးကြဲချသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ဗုံးသီးကချတာ ၃ လုံးဗျ၊ တလုံးက ဘုန်းတော်ကြီးကျောင်းထဲ ကျတယ်။ အဲမှာ ဘုန်းတော်ကြီးတပါးနဲ့ ပြည်သူတဦး ထိခိုက်ဒဏ်ရာရတယ်။ ဘုန်းတော်ကြီး ကျောင်းဆောင်လည်း ဗုံးစထိမှန်ပျက်စီးတာတွေလည်း ရှိခဲ့တယ်ဗျ။ ကျတဲ့ ၂ လုံးကတော့ ဘုန်းတော်ကြီးကျောင်းရဲ့ အရှေ့ဘက် ယာခင်းထဲကျတယ်။ အခုလို အကြောင်းမဲ့ကြဲချတော့ ကျနော်တို့ပြည်သူတွေ အကုန်လုံး ကြောက်နေကြရတယ်” လို့ ပြောပါတယ်။
ဖက်ပင်အိုင်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဒေသခံအများစုကတော့ တောင်ယာ၊ လယ် စတဲ့ မိရိုးဖလာလုပ်ငန်းကို လုပ်ကိုင်စားသောက်သူတွေသာ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ် အောင်ဆန်းသွေးအဖွဲ့ တာဝန်ရှိသူက “အဲရွာက ဆုံရွာပျူရွာရဲ့ တောင်ဘက်ကပ်လျက်ရှိတဲ့ ကျေးရွာဖြစ်တယ်ဗျ။ ဘယ်ကာကွယ်ရေးတပ်မှ မရှိဘူး။ ဆုံရွာပျူတွေက ကြောက်လန့်ပြီး စစ်တပ်ကို သတင်းအမှား ပေးပြီး အခုလို ဒီရွာကို လေယာဉ်နဲ့ ဗုံးကြဲခိုင်းတာ ဖြစ်မယ်ဗျ။ အဲရွာမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ဆိုင်တဲ့ ပြည်သူတဦးတယောက်မှ မရှိဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး အခုလိုလုပ်သွားတာ” လို့ ပြောပါတယ်။
မြင်းခြံခရိုင်အတွင်း ငါန်းဇွန်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေပါတယ်။