Home
မြန်မာသတင်း
ကရင်နီတွင် တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး စာသင်ကျောင်းများ ပိတ်မည်
DVB
·
July 21, 2025

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးအောက်မှာ ပူးပေါင်းစာသင်နေတဲ့ စာသင်ကျောင်းပေါင်း ၅၃၀ နီးပါးဟာ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး အခြေခံစာသင်ကျောင်းတွေကို ပိတ်ဖို့ လုပ်ဆောင်ထားပြီလို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက DVB ကို ပြောပါတယ်။

လက်နက်ကြီးဒဏ်၊ လေကြောင်းဒဏ်တွေကြောင့် စာသင်ကျောင်းတွေကို ပိတ်မှာဖြစ်ပြီး ကလေးတွေ ပညာရေး နောက်မကျစေဖို့အတွက် မဖြစ်မနေ ဖွင့်ရမယ့် ကျောင်းတွေမှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကတုတ်ကျင်း တူးတာ၊ လေကြောင်းရန်ကာကွယ်ရေး ပညာပေး အစီအစဥ်တွေပါ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

IEC အတွင်းရေးမှူး ၂ ကိုဗညားက “ဒီညွှန်ကြားချက်ကလည်း ဒီဘက်မှာရှိနေတဲ့ မြို့နယ်မှာ ရှိနေတဲ့ ကျောင်းတွေနဲ့ သက်ဆိုင်ရာ ကျောင်းကောင်စီတွေပေါ့နော်၊ နောက် ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီးတော့မှ ဒီကျောင်းတွေကို ကြီးကြပ်ဖို့အတွက် လိုအပ်ရင် ဒီကာလမှာ ပိတ်ထားပြီးတော့မှ အခြေအနေကြည့်ပြီးတော့မှ ပြန်ဖွင့်နိုင်ဖို့အတွက်ကို သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ ကျောင်းတကျောင်းစီရဲ့ ကျောင်းဆရာ ဆရာမ ကျောင်းကောင်စီတွေကနေ ဆုံးဖြတ်ချက်ချပြီးတော့မှ ပိတ်တာဖြစ်စေ၊ ဖွင့်တာဖြစ်စေ လုပ်လို့ရတဲ့ ပုံစံမျိုးနဲ့ ပြောထားတဲ့အတွက်ကြောင့်မို့ ဒါက အားလုံးနဲ့ အကျုံးဝင်ပါတယ်။ အကြမ်းဖျင်း အဲဒီလို ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ဇူလိုင်လအတွင်း ကရင်နီဒေသမှာ စစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် လရဲ့ ပထမနှစ်ပတ်အတွင်းမှာပဲ ကလေးတွေ အပါအဝင် အရပ်သား ၁၅ ယောက် သေဆုံးပြီး ၁၈ ယောက်ထက်မနည်း ထိခိုက်ခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်ကလည်း စစ်ဘေးရှောင်အများစုရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းကို တနေ့တည်း ဗုံး ၁၀ လုံးထက်မနည်း ကြဲခဲ့လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ အခုလိုဖြစ်ရပ်တွေ ပြီးတဲ့နောက် စာသင်ကျောင်းတွေပိတ်ဖို့ ညွှန်ကြားချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “လေကြောင်းရန်က သိတဲ့အတိုင်းပေါ့ နေ့တိုင်းလိုလိုပဲ။ ဒါပေမဲ့ ကလေးတွေ ကျောင်းတွေပိတ်ခိုင်းတယ် ဆိုပေမဲ့ တချို့ကျောင်းတွေ မပိတ်သေးဘူး။ အခြေအနေအရ ကြည့်နေပြီးတော့ ဖွင့်နေသေးတာပေါ့နော်။ ဘာလို့လဲဆို ကလေးတွေကလည်း စာတအားနောက်ကျကုန်ပြီ၊ ပြီးတော့ ပိတ်လိုက် ဖွင့်လိုက် လုပ်တော့ ကလေးတွေကလည်း ကျောင်းသွားတာ ပျင်းသွားတာပေါ့နော်၊ အဲဒီလိုပုံစံလည်း ရှိတော့ ပြီးတော့ နိုင်သလောက် ဆွဲခေါ်တာမျိုးတွေရှိတယ်။ လေယာဥ်က တဖြည်းဖြည်းနဲ့ စိပ်တာ ကြဲလာတာက တော်တော်စိပ်လာတာကျတော့ တကယ်လည်း စိုးရိမ်ရတယ်၊ ပြည်သူတွေပဲ လျှောက်မဲနေတော့ ဘာမှမရှိတဲ့ နေရာဆိုလည်း လျှောက်ကြဲ၊ အဲလိုမျိုးဖြစ်နေတော့ ဘယ့်နေ့ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မလဲ ဆိုတာလည်း အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ပါပဲ” လို့ ပြောပါတယ်။

ကရင်နီဒေသအတွင်း အရပ်သားပြည်သူတွေ နေထိုင်ရာ အရပ်ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို IEC က တောင်းဆိုထားပါတယ်။

Karenni Human Right Group (KnHRG) ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ ကရင်နီပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ စစ်တပ်ဆီ လေယာဥ်ဆီ စီးဆင်းတာတွေ ဖြတ်တောက်ဖို့နဲ့ အရေးယူဆောင်ရွက်တာ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013