Home
မြန်မာသတင်း
ကရင်နီတွင် ၂ ပတ်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦး သေဆုံး
DVB
·
July 18, 2025

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဇူလိုင် ပထမ ၂ ပတ်အတွင်းမှာတင် အရပ်သား ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံ၊ ဖားဆောင်းမြို့တွေကို ဒီရက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိသလို တိုက်ပွဲမဖြစ်တဲ့ မော်ချီးဒေသဘက်ကိုလည်း လေယာဥ်နဲ့ ဗုံးဆက်တိုက်လာကြဲနေတဲ့အတွက် ကလေးသူငယ် အပါအဝင် အရပ်သား ၁၅ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ Karenni Human Right Group (KnHRG) က ထုတ်ပြန်ထားပါတယ်။

ဒီသေဆုံးဒဏ်ရာရတဲ့ စာရင်းဟာ ဇူလိုင်လ ပထမ ၂ ပတ်အတွင်းမှာတင် ကရင်နီပြည်နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ ၆ ကြိမ် အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ သေဆုံးဒဏ်ရာရစာရင်း ဖြစ်ပါတယ်။

ဇူလိုင် ၂ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဒီးမော့ဆိုမြို့ကို ပေါင် ၅၀၀ ဗုံးတွေ လာကြဲခဲ့သလို ၁၇ ရက်နေ့ တရက်တည်းမှာတင် ဗုံး ၁၀ လုံးထက်မနည်း ဒီးမော့ဆိုမြို့ကို ကြဲခဲ့လို့ စာသင်ကျောင်းတွေပိတ်ဖို့ စီစဥ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အရင်ကထက်စာရင်တော့ ပိုပြီးတော့ သတိထားနေနေရတာပေါ့။ မော်ချီးဘက်တွေမှာဆိုလည်း လူတွေထိတယ် ကြားတယ်။ လောလောဆယ်တော့ အဓိက စာသင်ကျောင်းပေါ့။ စာသင်ကျောင်းအတွက်တော့ စိုးရိမ်ရတာပေါ့။ အဲ့တော့ ကျောင်းတွေပိတ်ဖို့ တချို့ပြောနေကြတယ်။”

ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ခလရ ၁၃၄ တပ်ရင်းကို သိမ်းနိုင်ခဲ့ပြီး နောက်ဆုံးလက်ကျန် ၁၃၅ ကို တော်လှန်ရေး တပ်ပေါင်းစုဘက်က ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီဟာ ဖားဆောင်းမြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ မော်ချီးဒေသကို လေယာဉ်နဲ့ ဗုံးတွေ ဆက်တိုက်လာကြဲနေလို့ အရပ်သားနဲ့ ခဲလုပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီက “အခု မော်ချီးတို့ ဘာတို့မှာ ကြဲနေတာ လူထုတွေနေတဲ့ နေရာကို ကြဲနေတာ။ ပြည်သူလူထုတွေ၊ သေနတ်မကိုင်တဲ့ ပြည်သူလူထုတွေနေရာကို ကြဲပြီးတော့ အခု သေဆုံးသွားတဲ့သူ အားလုံးက ပြည်သူလူထုတွေဖြစ်တယ်၊ အရပ်သားတွေဖြစ်တယ်။ ဆိုတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီးတော့ ကျနော်တို့ ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်အောင် လုပ်နေတဲ့ အခြေအနေမျိုးနဲ့အတူ တိုက်ခိုက်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013