
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအတွင်းကို ဇူလိုင် ၁၅ ရက်ညမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော် တယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကမ္ဘဲ့ကျေးရွာအတွင်းကို ၈၀-မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်း မီးလောင်ကျွမ်းပြီး မီးငြှိမ်းသတ်ဖို့အသွား လက်နက်ကြီးထိမှန်ပြီး ဇူလိုင် ၁၆ နေ့ မနက်မှာ ကျဆုံးတာလို့ ရေစကြို ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“ခလရ ၂၅၈ ကနေ ၁၅ ရက်နေ့ ည ၁၀ နာရီလောက်က ၈၀ မမ တလုံးအရင်ပစ်တယ်။ ရွာထဲကို ကျပြီးတော့ ရွာထဲက အိမ်တလုံး မီးလောင်သွားတယ်။ အဲဒီ မီးလောင်တဲ့နေရာကို မီးငြှိမ်းသွားဖို့ လူစုနေတဲ့အချိန်မှာ နောက်ထပ်တလုံး ကျပြီးထိသွားတာ။”
ကျဆုံးသွားတဲ့ ရဲဘော်က အသက် ၂၀ အရွယ် ရဲဘော်ကောက်ကြီး(ခ)ရန်နိုင် ဖြစ်ပြီး ဇနီး အပါအဝင် ကျေးရွာအတွင်းက CDM ကျောင်းဆရာမတယောက်နဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက် သေဆုံးခဲ့တာလို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“CDM ဆရာမကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ ကျနော်တို့ ရဲဘော်ရယ် သူ့ဇနီးရယ်၊ နောက်တယောက်ရယ်က ဒဏ်ရာရပြီး ၁၆ ရက်နေ့ မနက်မှ ဆုံးသွားတာ။ အခုကျသွားတဲ့ ရဲဘော်နဲ့ သူ့ဇနီးကိုတော့ စစ်ဓလေ့ထုံးစံအတိုင်းပဲ မီးသင်္ဂြိုဟ်လိုက်ပါပြီ။”
ကမ္ဘဲ့ကျေးရွာအတွင်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသူအပြင် ဒဏ်ရာရရှိသူ ၄ ယောက်လည်း ရှိတယ်လို့ ပြောပါတယ်။
ကမ္ဘဲ့ကျေးရွာကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးတာတွေကြောင့် ရွာခံတချို့ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။