Home
မြန်မာသတင်း
ညောင်ဦးအနောက်ခြမ်း ရွာများကို စစ်တပ် မီးရှို့၊ ပြည်သူ ၁၀,၀၀၀ ကျော် တိမ်းရှောင်
DVB
·
July 22, 2025

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ညောင်ဦးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ရေးမပြုလုပ်ဖို့ ၂၀၂၂ ခုနှစ်က ကြေညာထားခဲ့ပြီး စစ်ကောင်စီကတော့ ၂၀၂၅ ခုနှစ် ဇွန်လကစလို့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ပုဂံဒေသ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ဇူလိုင်လအတွင်းမှာ စစ်ခေါင်းဆောင် ပုဂံကို လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် ညောင်ဦးမြို့နယ်မှာ စစ်တပ်ဘက်က လုံခြုံရေးတိုးမြှင့်ချထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို တောင်ဇင်းနယ်မြေရဲစခန်းနဲ့ ခလရ ၄၁၅ တပ်က စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပေမဲ့ ဇူလိုင်လအစောပိုင်းမှာတော့ အင်အား ၂၀၀ လောက်ပါတဲ့ နေပြည်တော် ရဲအထူးကွန်မန်ဒိုစစ်ကြောင်းက ညောင်ဦးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီစစ်ကြောင်းက ဇူလိုင် ၈ ရက်ကစပြီး မောင်းကွက်တော၊ တောပြား၊ ဈေးမကြီး၊ ကမ္မ၊ ရွာပုလဲ စတဲ့ ကျေးရွာတွေက လူနေအိမ် ၂၂၀ ကျော် အပါအဝင် ညောင်ဦးတမြို့နယ်လုံးမှာ ဒီလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၅၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

ညောင်ဦးမြို့နယ် လူသားစာနာ တာဝန်ခံက “ဒီဘက်မှာက စစ်ခေါင်းဆောင်ရဲ့ လမ်းကြောင်း ရှိတော့လေ၊ အဲဒီလမ်းကြောင်းတွေရှိတော့လေ စစ်ကြောင်းတွေ အခုတလော အဆက်မပြတ် ထိုးလာတယ် များတယ်ဗျ။ အခုစစ်ကြောင်းအခြေအနေကတော့ အနောက်ဘက်ခြမ်းမှာတော့ ၂ ကြောင်းလောက် ထိုင်နေတယ်လို့ ကြားသိထားတယ်။ ဒီရက်ပိုင်းမှာ တချို့ဆိုရင် ရွာလုံးကျွတ် မီးရှို့ခံထားရတာ ရှိတယ်။ တချို့ဆိုရင် အဖျားနားလေး ၁၀ အိမ် ၁၅ အိမ်ပေါ့နော်။ တချို့ဆိုရင် အိမ် ၄၊ ၅၊ ၆၀ ပေါ့နော်၊ စုစုပေါင်းဆိုရင်တော့ အခုရက်ပိုင်းအတွင်းမှာတင် အိမ်ခြေ ၅၀၀ နဲ့ ၆၀၀ အကြားမှာ မီးရှို့ခံထားရတယ်ဗျ” လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ ကျေးရွာ ၂၀ လောက်က ပြည်သူ ၂၀,၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ကျေးရွာနဲ့ဝေးတဲ့ လယ်ကွင်းတွေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။

မီးရှို့ခံကျေးရွာတွေက ရွာခံတချို့ကတော့ မီးလောင်ပြင်မှာ တဲထိုးပြီး ပြန်နေကြတဲ့အတွက် မိုးရွာတဲ့အခါ နေထိုင်ရတာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

ညောင်ဦးမှာ စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က “ရွာက စစ်ဘေးရှောင်တွေကလည်း ကိုယ့်ရွာ ကိုယ်ပြန်နေနေတာ ရှိတယ်။ တချို့ကျတော့လည်း သူတို့တောလေးတွေမှာလေ ယာလေးတွေမှာ အနီးစပ်ဆုံးနေရာတွေမှာ တဲလေးထိုးနေတာတွေ ရှိတယ်။ မီးလောင်ပြင်ထဲမှာ တချို့ကျတော့ တဲလေးတွေ ပြန်ထိုးဆောက်တယ်။ တချို့အိမ်တွေဆိုရင် အဆောက်အအုံကြီးတွေ မြေတွေ သမံတလင်း ကျန်တာမျိုးတွေ အဲဒါဆို သူတို့ရဲ့ အိမ်ဝိုင်းထဲမှာ ထန်းရွက်တဲလေးတွေနဲ့ နေကြတယ်။ မောင်းကွက်တောမှာဆို ဘုန်းကြီးကျောင်းမှာ နေကြတယ်။ အဲဒီရွာက အိမ်ခြေများတယ်၊ ၈၀ နီးပါးလောက် ပါသွားတယ်” လို့ ပြောပါတယ်။

ဒီရက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ နည်းနေပေမဲ့ ဇူလိုင် ၂၁ ရက် မနက် ၁၁ နာရီ၀န်းကျင်မှာ တောင်ဇင်းနယ်မြေရဲစခန်းကို သံချပ်ကာကား ၃ စီး၊ စစ်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013