Home
မြန်မာသတင်း
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသခံများ နေရပ်စွန့်ခွာ
DVB
·
July 22, 2025

ကရင်နီ (ကယား)ပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က အရပ်သားတွေပဲနေတဲ့ ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသကို လေကြောင်းကနေ မကြာခဏ ဗုံးလာကြဲနေတဲ့အတွက် ဒေသခံတွေက နေရပ်စွန့်ခွာနေကြပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကနေ ဇူလိုင်အထိ ၄ လအတွင်း မော်ချီးဒေသ တနေရာတည်းကိုပဲ လေကြောင်းကနေ ဗုံးနဲ့ ၉ ကြိမ် လာကြဲလို့ အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၂၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီဒဏ်တွေကြောင့်ပဲ လက်ရှိ မော်ချီးမြို့ထဲကနေ ဒေသခံတွေဟာ တနေ့ကို ကားနှစ်စီးနှုန်းနဲ့ ရွှေ့ပြောင်းနေကြလို့ မြို့ထဲမှာ လူမရှိတော့ဘူးလို့ ဒေသခံတွေက ဆက်ပြောပြပါတယ်။

မော်ချီးဒေသခံတယောက်က “ဟိုးတရက်က လေယာဥ်ထပ်လာကြဲပြီးတဲ့ နောက်ပိုင်း သူများတွေ ကြောက်ပြီး ပြန်သွားတာလေ။ ပြန်ကုန်တာ တော်တော်များများ မနေရဲကြတော့ဘူး။ အဲဒီလိုဖြစ်သွားတာ။ တရက်ကို ကား ၂ စီး ၃ စီးနဲ့ ပြန်ကုန်ကြတာ၊ အဲဒီလိုဆိုတော့ ဒီမှာ လူမရှိတော့ဘူး။ လမ်းသွားလမ်းလာတောင်မှ ပါးသွားပြီး လေယာဥ်အသံကို နားစွင့်ပြီး နေနေရတယ်” လို့ ပြောပါတယ်။

ခဲမဖြူနဲ့ အဖြိုက်နက် အများဆုံးထွက်ရှိတဲ့ မော်ချီသတ္တုတွင်းတချို့ဟာလည်း လေကြောင်းရန်ကြောင့် ရပ်နားထားရပါတယ်။

ဇွန် ၂၅ ရက်ကလည်း တောင်ပေါ်ရပ်ကွက် ၁၅ မှာရှိတဲ့ သတ္တုတွင်းတတွင်းကို ဗုံးလာကြဲသွားလို့ ခဲလုပ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

မြို့ထဲမှာ အခုချိန်ထိ မပြန်သေးဘဲ ပိတ်မိနေကြတဲ့သူတွေလည်း ရှိသလို အကြွေးတွေကျန်နေလို့ တချို့ ခဲလုပ်သားတွေက ဆက်နေနေတယ်လို့လည်း ခဲလုပ်သားတယောက်က ရှင်းပြပါတယ်။

ခဲလုပ်သားတယောက်က “တချို့ကျတော့လည်း အကြွေးတွေနဲ့ ပိုက်ဆံအဆင်မပြေလို့ ကျန်ခဲ့တာ ရှိတယ်။ တချို့ကျတော့လည်း မပြောင်းတော့ဘူးပေါ့လေ၊ နယ်ခံတို့ ဘာတို့၊ တချို့ကျတော့လည်း ဘယ်မှမသွားတော့ဘဲ ဒီမှာပဲ နေကြတာပေါ့၊ အဲဒီလိုတော့ ရှိတယ်။ ခဲတွင်းတွေက နားခိုင်းတာတော့ မဟုတ်ဘူး၊ တချို့ကျင်းတွေဆို လူလည်း မရှိတော့ဘူး။ ကြောက်ပြီးတော့ ပြန်ကုန်တာပေါ့။ အဲဒီနေ့က ထိတာကလည်း အဲဒီနေ့က အိမ်မှာရှိနေတဲ့ လိုင်းသုံးတဲ့သူတွေ ထိကုန်တာ” လို့ ပြောပါတယ်။

စည်သွပ်ဘူးကနေ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေအထိ ထုတ်လုပ်နိုင်တဲ့ မော်ချီးဒေသကို တော်လှန်ရေးတပ်ပေါင်းစုဘက်က ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ သိမ်းယူနိုင်ခဲ့တာပါ။

လက်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲကြောင့် အရပ်သားတွေရှိတဲ့ မော်ချီးဟာ လေကြောင်းပစ်မှတ်ထားခံရတဲ့မြို့ ဖြစ်နေပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လေကြောင်းရန်တွေကြောင့် ကရင်နီဒေသထဲက အခြေခံစာသင်ကျောင်းပေါင်း ၅၀၀ ကျော် ပိတ်ဖို့ ညွှန်ကြားထားပြီး အရပ်သားနေထိုင်တဲ့ နေရာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013