ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက် မနက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင် သီတင်းသုံးနေတဲ့ ဆရာတော်ကြီးတပါး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဇူလိုင် ၂၂ ရက် မနက် ၁၂ နာရီ ၁၀ မိနစ်မှာ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင် သီတင်းသုံးနေတဲ့ ဆရာတော် ဗုံးစထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာတစီးနဲ့ ကျောက်ပြောက်ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချသွားတာ။ အခု ဒဏ်ရာရရှိသွားတဲ့ ဆရာတော်ကြီးက ဇိုင်ချောင်းရွာက ကျောင်းထိုင်ဆရာတော်ပေါ့။ ဆရာတော်တို့ ရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ဘေးတိမ်းရှောင်ရင်း ကျောက်ပြောက်ကျောင်းတိုက်မှာ သီတင်းသုံးနေတာ။ စစ်ကောင်စီက ဘုန်းကြီးကျောင်းကို ဗုံးကြဲတယ် ဆိုကတည်းက တော်တော်ယုတ်မာတဲ့အဆင့်ဖြစ်သွားပြီ။ ဆရာတော်ကြီးက အသက်က ၉၀ ကျော်နေပြီဆိုတော့ စိုးရိမ်ရတယ်လို့ ပြောရမယ်။”
အခုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ဆရာတော်ကြီးမှာ အရှင် အာစိဏ္ဏ (သက်တော် ၉၃ နှစ်) ဖြစ်ပြီး ကျောက်ပြောက်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား အမှတ် ၃၂ ရဲတပ်ရင်းအနီးနဲ့ ဓညဝတီ ရေတပ်ဌာနချုပ်အနီးတို့မှာ နှစ်ဖက်စစ်ဆိုင်ထားကြတဲ့ အခြေအနေမှာ ရှိနေပြီး တိုက်ပွဲပြင်းထန်ခြင်း မရှိဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီက ရေကြောင်းကနေတဆင့် အင်အားဖြည့်တင်းမှုတွေကို ပြုလုပ်နေသလို အရပ်သားကျေးရွာတွေနဲ့ သာသနိက အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်က ကျေးရွာအများစုကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက သူတို့ရဲ့ တပ်ရင်းဌာနချုပ်တွေနဲ့ မြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။