
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းဟောင်းနေရာကို စစ်ကောင်စီ လေတပ်က တိုက်လေယာဉ်နဲ့ ဇူလိုင် ၂၃ ရက် ဒီမနက် အစောပိုင်း ၁၂ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ကြဲတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဆီက သိရပါတယ်။
စစ်ကောင်စီလေတပ်ဟာ စခန်းဟောင်းဖြစ်တဲ့ အမှတ် ၂၃ ခြေလျင်တပ်ရင်းကို ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပြီး ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတာလို့ ဆိုပါတယ်။
TNLA က တာဝန်ရှိသူတယောက်က “လူထိခိုက်သေဆုံးတာ မရှိဘူး။ ပေါင် ၅၀၀ တလုံးပါပဲ ကြဲတာ။ ၂၃ တပ်ဝင်းထဲကို ကျတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကလည်း အဲဒီတပ်စခန်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး တလုံး လာကြဲချခဲ့ပါတယ်။ ဗုံးခဏခဏကြဲခံနေရလို့ သတိဝီရိယ ထားနေရတယ်လို့ သီပေါမြို့ ဒေသခံ တယောက်က ပြောပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၄ ရက်မှာ တကြိမ်၊ ဇူလိုင် ၁၄ ရက်မှာ တကြိမ်၊ ဇူလိုင် ၁၉ ရက်မှာ တကြိမ် သီပေါမြို့ကို ဗုံးကြဲတယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့နေ အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတဲ့အပြင် နေအိမ် ၁၃ လုံး၊ အဆောက်အအုံ ၆ လုံးနဲ့ အ.မ.က (၁) ကျောင်းတို့ ထိမှန်ပျက်စီးတယ်လို့ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း သီပေါမြို့ကို ဗုံးဆက်တိုက် ကြဲလာတာ ဖြစ်ပါတယ်။