Home
မြန်မာသတင်း
မဒေါက်မြို့ ရေဘေးကယ်ဆယ်ရေးလုပ်ရန်   စစ်တပ် ခွင့်ပြုချက်ရယူရမည် 
DVB
·
July 24, 2025

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်ဖို့  ပရဟိတအဖွဲ့တွေအနေနဲ့  စစ်ကောင်စီတပ်ကို အကြောင်းကြားပြီး ခွင့်ပြုချက် ရယူရမယ်လို့ ပြောဆိုထားတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်မယ့်သူ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ 

ဇူလိုင် ၂၃ ရက်မနက် ၇ နာရီလောက်က မဒေါက်မြို့အနီး အင်းကတ်ပလိတ်ကျေးရွာက စစ်တောင်းမြစ်ကို ကာထားတဲ့ ဘုရားစုတာကျိုးခဲ့လို့ မဒေါက်မြို့မ  ၁ ရပ်ကွက် အနိမ့်ပိုင်းကျေးရွာတွေမှာ ရေဝင်ရောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဒေါက်မြို့အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အင်းချောင်၊ စိုင်ဂွ၊ အင်းကတ်ပလိတ်ရွာနဲ့ ရွှေကျင်မြို့တဝိုက်မှာတော့ မိုးဆက်တိုက်ရွာနေတဲ့အတွက် ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ ရေအမြင့် ၈ လက်မလောက်ထပ်တိုးနေတဲ့အတွက် ရေအမြင့် ၄ ပေလောက်ရှိပြီလို့ သိရပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်လိုတဲ့  ပရဟိတအဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေအနေနဲ့ မဒေါက်မြို့မှာ ရှိတဲ့ အထိုင် စစ်ကောင်စီတပ်ကို အကြောင်းကြားရမယ်လို့ သတင်းလွှင့်ထားတဲ့အတွက် ကူညီလိုသူတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဒေါက်မြို့ခံတယောက်က “မြို့ပေါ်ကလူတွေကတော့ ကူညီဖို့တော့ စီစဉ်နေတာတွေ့ရတယ်။ လက်ရှိအထိတော့ ဘာမှလှုပ်ရှားတာမတွေ့ရသေးဘူး။ စစ်တပ်ဘက်ကတော့ တကယ်လို့ ပရဟိတ လုပ်ရမယ်ဆိုရင် သူတို့ကို အကြောင်းကြားပြီး သူတို့ ခွင့်ပြုချက်ပါမှ လုပ်ရမယ်လို့ ပြောနေတယ်။ ပရဟိတလုပ်ပြီးတော့ ရေဘေးအတွက် ကူညီရမယ်လုပ်ရမယ်ဆိုရင် မဒေါက်မှာ ထိုင်နေတဲ့ တပ်ကိုလာပြောပေါ့။ အဲ့ကမှခွင့်ပြုချက်ရမှ ခွင့်ပြုချက်ဆိုတာက ဘယ်နှယောက် သွားမယ်။ ဘယ်နယ်ကိုသွားမယ်။ ဘယ်ကနေ ဘယ်လိုလုပ်ပေးမယ် ဆိုတာကို သူတို့ဆီ သတင်းပို့ပြီးမှ လုပ်ရမယ်” လို့ပြောတယ်။ 

စစ်တောင်းမြစ်ရေဟာလည်း ရွှေကျင်မြို့မှာ ၃ ပေခွဲဝန်းကျင်မြင့်တတ်နေပြီး မြို့ပေါ်ရပ်ကွက်နဲ့  အနိမ့်ပိုင်းကျေးရွာတွေမှာ ရေဝင်ရောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရေဝင်ရောက်မှုများတဲ့ ရပ်ကွက်၊ ကျေးရွာတွေက စာသင်ကျောင်းတွေကိုလည်း ပိတ်ထားတယ်လို့  မြို့ခံတွေကပြောပါတယ်။

ရေကြီးမှုကြောင့် ညောင်လေးပင်မြို့နဲ့ မဒေါက်မြို့ကို ဆက်ထားတဲ့ ကားလမ်းရေကျော်နေပြီး ကားကြီးတွေကလည်းလို့ ယာဉ်ငယ်တွေသွားလာလို့မရဘူးလို့ ရွှေကျင်မြို့ခံတွေက ပြောပါတယ်။

ရွှေကျင်မြို့တယောက်က “ရွှေကျင်ရော မဒေါက်ရော မဒေါက်ဘက်တော့ တာတွေဘာတွေတောင် ကျိုးတယ်လေ။ ရေဘေးကတော့ရှိတယ်။ အနိမ့်ခြမ်းတွေ ရွှေကျင်ဘက်က ပိုပေါတာပေါ့။ ရွှေကျင်ဘက်က‌တော့ ချောင်းကမ်းနားဘေးနဲ့ နီးတဲ့ရပ်ကွက်တွေပေါ့။ ရှောင်ကြရတာပေါ့ ကုန်းအမြင့်ပိုင်းတွေ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာပေါ့။  မဒေါက်ဘက်က ကားလမ်းမတွေရေကျော်တယ်လေ။ တာကျိုးတော့ မဒေါက်နဲ့ ညောင်လေးပင်ဆိုရင် ကားတွေ Express တွေလောက်ပဲ ထွက်လို့ရတယ်။ ကားသေးတွေ ဆိုင်ကယ်တို့ ကားအနိမ့်တွေ သွားလို့မရတော့ဘူး”လို့ ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတဲ့အတွက် နိုင်ငံနေရာအနှံ့မှာ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဇူလိုင်လ ၂၃ ရက်‌မနက်က ထုတ်ပြန်ထားပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013