ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး သောင်ရင်းမြစ်ရေ တိုးလာနေတာကြောင့် ဇူလိုင် ၂၃ ရက်က ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရကာ မြစ်ကမ်းဘေး နေထိုင်သူတွေ ရွှေ့ပြောင်းဖို့ လိုအပ်နေပါတယ်။
လူသွားလမ်းနဲ့ ကားလမ်းတချို့မှာ အမြင့် ၂ ပေလောက်အထိ ရေကြီးတာကြောင့် မြို့တွင်း လမ်းတချို့ ယာယီပိတ်ထားခဲ့ရကာ ကားနဲ့ ဆိုင်ကယ်မောင်းသူတွေ အခက်တွေ့နေကြပြီး ရေဝင်တာကြောင့် စက်နှိုးလို့မရတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့နေကြတယ်လို့ မဲဆောက်မြို့ခံက ပြောပါတယ်။
ရေမြောင်းတွေမှာလည်း ရေတွေတက်လာပြီး တချို့လူနေအိမ်မှာလည်း အိမ်တွင်းအသုံးပြုနေတဲ့ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စတဲ့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးမှာ စိုးရိမ်လို့ ရွေ့ပြောင်းနေကြတာလည်း ရှိပါတယ်။
ဇူလိုင် ၂၁ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်ပြီး သောင်ရင်းမြစ်ရေကလည်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပါတယ်။
သောင်ရင်းမြစ်ရေ တိုးလာနေတာကြောင့် မြစ်ကမ်းအနီး နေထိုင်သူတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ လိုအပ်နေပြီလို့ ရွှေပြောင်းမြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ရေဘေးကူညီဖို့ ကြိုတင်ပြင်ဆင်ပေးနေတဲ့ ကိုဇေမျိုးက “ခု သောင်ရင်းမြစ်ကမ်းဘေးမှာ စောင့်ကြည့်နေတယ်။ ရေကတော့ အရမ်းများတယ်။ အနီရောင်အဆင့် ဖြစ်လာနေပြီ။ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနိုင်ဖို့ စီစဥ်နေတယ်” လို့ ပြောပါတယ်။
မဲဆောက်မြို့နယ်အတွင်း ရေကြီးနိုင်လို့ ထိုင်းအာဏာပိုင်တွေက ပြည်သူတွေကို လက်ကိုင်ဖုန်းတွေကနေ တဆင့် သတိပေး အချက်ပြမှုတွေကိုလည်း လုပ်ပေးနေပါတယ်။
ဇူလိုင် ၂၁ ရက်ကလည်း ထိုင်းနိုင်ငံအတွင်း ဝီဖာ အပူပိုင်းမုန်တိုင်း အဖျားခတ်နိုင်တယ် ဆိုပြီး မဲဆောက်မြို့ပေါ် ရပ်ကွက်တွေမှာ ထိုင်းအာဏာပိုင်တွေက ဇူလိုင် ၂၂ ရက်ကနေ ဇူလိုင် ၂၄ ရက်အထိကို အထူးသတိထားပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့ အစည်းအဝေးပြုလုပ်ကာ ပြည်သူတွေကို သတိပေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
မဲဆောက် တဘက်ကမ်း မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှာလည်း မြစ်ရေကြီးမှုနဲ့ ကြုံတွေ့ နေရပါတယ်။