Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေကြောင့် ရေကာတာကျိုးပြီး မဒေါက်မြို့ ရေစတင်ဝင်ရောက်
DVB
·
July 23, 2025

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက စစ်တောင်းမြစ်ရေကို တားထားတဲ့ ဘုရားစု ရေကာတာ ကျိုးသွားတာကြောင့် မဒေါက်မြို့ အနိမ့်ပိုင်း နေရာတွေနဲ့ ကျေးရွာတချို့မှာ ရေစတင်ဝင်ရောက်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မဒေါက်မြို့မှာ ဇူလိုင် ၂၀ ရက်ကနေ မိုးဆက်တိုက်ရွာသွန်းနေတဲ့အပြင် စစ်တောင်းမြစ်ရေ များလာပြီး ရေတိုက်စားတာကြောင့် ရေကာတာ ကျိုးသွားတာလို့ ပြောပါတယ်။ လတ်တလောမှာ ညောင်လေးပင်-မဒေါက် ကားလမ်းနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေကျော်နေပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“လောလောဆယ်တော့ အနိမ့်ပိုင်းတွေမှာ ရေ ၅ ပေလောက် ဝင်နေပြီ၊၊ ကားလမ်းမကိုလည်း ရေကျော်နေပြီ။ ရေကာတာက မနှစ်ကတည်းက ရေတိုက်စားပြီး ပဲ့နေတာ။ ပြင်ဆင်ထိန်းသိမ်းမှု အားနည်းတော့ မြစ်ရေတိုးလာတဲ့အချိန် ကျိုးသွားတာ။”

မဒေါက်မြို့မှာ နှစ်စဉ် ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ စစ်တောင်းမြစ်ရေ မြင့်တက်ပြီး ရေကြီးလေ့ ရှိတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်က ဘုရားစုရေကာတာကို သဲကျင်း  ၅၀ ခန့်သုံးပြီး မြေဖို့ ပြုပြင်ခဲ့ပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးများတာကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်လာတာ ဖြစ်ပြီး နောက် ၂၄ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ရေကြီးနိုင်လို့ ‌‌တချို့ ပြောင်းရွှေ့နေကြပြီလို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။

“အခုက အမြင့်ပိုင်းနဲ့ ဈေးဝန်းကျင်ပဲ ကျန်တော့တယ်‌။ ရေဝင်တဲ့နေရာတွေတော့ မနက်ကတည်းက ပြောင်းရွှေ့နေကြပြီ။ ကားလမ်း တောင်ဘက်အခြမ်းက အခြေအနေ ဆိုးတယ်။ အစထဲက ရေကြီးကွင်းမို့ ခြေတံရှည်အိမ်တွေ ဆောက်ထားလို့သာ တော်နေသေးတယ်။ ကားလမ်း မြောက်ဘက်ခြမ်းကတော့ ရေ ၃ ပေလောက်ပဲ ဝင်သေးတယ်။”

မဒေါက်မြို့အထက်ပိုင်း တာကျိုးတာကြောင့် ပြွန်တန်ဆာမြို့အထိပါ ရေ‌‌ရောက်သွားနိုင်တယ်လို့ ‌‌ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။ 

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စစ်တောင်းမြစ်ရေက မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် ၃၅ ပေကနေ ၃၇‌ ပေကျော်ထိ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် ကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013