
ထိုင်းမြောက်ပိုင်းဒေသ ခရိုင်အတော်များများမှာ ဇူလိုင် ၂၂ ရက် သန်းခေါင်ကျော်ကစ ဒီကနေ့အထိ နာရီပေါင်းများစွာ မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းဒေသနဲ့ မြစ်ချောင်း နားနီးဒေသတွေမှာ ရေကြီးရေလျှံနေတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ဝီဖာမုန်တိုင်းအရှိန်ကြောင့် ထိုင်းမြောက်ပိုင်း နန့်ခရိုင်မှာဆိုရင် တောင်ကျချောင်းရေတွေကြောင့် နန့်မြစ်ရေလျှံကျပြီး ထာ့ဝမ်းဖာ၊ လိမ်း၊ ဖာတော်၊ ပါခါး၊ ဘိုး၊ တန်းဆုခ်၊ နန့်၊ ဆောင်ခွဲ စတဲ့မြို့နယ်တွေမှာ လူနေရပ်ကွက်၊ ကျေးရွာနဲ့ လယ်ယာစိုက်ခင်းတွေထဲ ရေတွေ ဝင်နေတယ်။ ဘိုးမြို့နယ်ထဲမှာဆိုရင် သက်တမ်းရင့်သစ်ပင်ကြီးတွေ လဲပြိုတယ်၊ ကနေ့ ညနေပိုင်းထိ မိုးဆက်တိုက် ရွာနေတာကြောင့် ဒေသတခုလုံးနီးပါး ရေကြီးနိုင်ပြီး စီးပွားရေးဇုန်တွေပါ ရေလွှမ်းမိုးဖွယ်ရှိတယ်။ နန့်ခရိုင်ဟာဆိုရင် နှစ်ပေါင်း ၄၀ ကျော်တွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။
ချင်းမိုင်မှာလည်း အနိမ့်ပိုင်းရပ်ကွက်တချို့မှာ မိုးရေဝပ်ပြီး ရေကြီးနေပါတယ်၊ အထူးသဖြင့် မဲ့ခါချောင်းနားတဝိုက် နေအိမ်တွေ၊ ဆီပင်းမိုင်းရပ်ကွက်နဲ့ ကတ်ကွမ့်ဈေးတဝိုက်မှာ ရေကြီးနေတယ်၊ မဲ့ပင်းမြစ်ရေလည်း တရိပ်ရိပ်တက်နေပြီး ရေဘေးကြုံခဲ့ဖူးတဲ့ ရပ်ကွက်တွေအနေနဲ့ ပစ္စည်းနဲ့ လူနာတွေ၊ လူအိုနဲ့ ကလေးတွေကို ဘေးလွတ်ရာရွှေ့ထားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ စင်ထရယ်၊ အဲယားပွတ် စတဲ့ကုန်တိုက်ကြီးတွေ လေဆိပ်နဲ့ အားကစားကွင်းတွေမှာလည်း ရေဘေးရှောင်ကားတွေ အခမဲ့ လာရောက်ရပ်နားထားကြောင်း ကြေညာထားပါတယ်။
ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ် ထုန့်ခေါက်ဖုန်းနဲ့ ဘန့်ဟွေ့ပေါက်အုပ်စုထဲမှာ တောင်ကျချောင်းရေကြောင့် ရေကြီးနေပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၃ နဲ့ ၂၄ ရက်တွေအတွင်း ဖန်၊ ဒွိုင်စကစ်၊ ဖရောဝ့်၊ မဲ့အွန်း စတဲ့ မြို့နယ်က မြစ်ချောင်းနားနီးနဲ့ တောင်စောင်းတွေမှာ နေထိုင်သူတွေ ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
ချင်းရိုင်းခရိုင်မှာဆိုရင် ဒီကနေ့ မနက် ၃ နာရီကစ ထိန်းမြို့နယ်၊ ဖယားမိန်းရိုင်းမြို့နယ်၊ ဝိန်းကဲန် နဲ့ ဘန့်လောဝ်းမြို့နယ် နေရာအချို့မှာ ရပ်ကွက်ထဲ ရေဝင်နေပါတယ်။ ထိန်းမြို့နယ်မှာလည်း ရပ်/ကျေး ၂၅ အုပ်စုထဲ ရေကြီးနေပါတယ်။
လမ်းဖွန်းခရိုင်ထဲမှာလည်း မဲ့ထားမြစ်ရေကြီးနေတာကြောင့် ကမ်းနားတဝိုက်နေ ပြည်သူတွေ ဘေးလွတ်ရာ ကြိုတင်ပြောင်းရွှေ့နေကြပါတယ်။
ဥဒရာဒစ် နဲ့ ဖစ်ချ်ဘွန်း ခရိုင်နှစ်ခုကြား အမျိုးသားဥယျာဉ်ထဲမှာလည်း နေရာအချို့ ရေကြီးနေလို့ အရေးပေါ်ပိတ်ထားပြီး ရေတံခွန်နဲ့ တောင်ပေါ်စခန်း ဝန်ဆောင်မှုတွေလည်း ပိတ်ထားတယ်လို့ ဆိုပါ တယ်။
ထိုင်းမြောက်ပိုင်းဒေသ ရေဘေးသင့်ဒေသနဲ့ ထိခိုက်ဆုံးရှုံးမှု အခြေအနေ စာရင်းဇယားတွေတော့ မသိရသေးပါဘူး။ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းကတော့ ဒီကနေ့ မနက် ၉ နာရီမှာ ထိုင်းမြောက်ပိုင်း ခရိုင် ၂၀ ခုက ခရိုင်ဝန်တွေ၊ သဘာဝဘေးကာကွယ်တားဆီးရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အရေးပေါ် အွန်လိုင်းအစည်းအဝေး ခေါ်ယူပြီး ရေဘေးကာကွယ်ရေး၊ ရေဘေးသင့်ပြည်သူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
Source - Chiangmai News / 3Plus News / ThaiPBS