Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံး
DVB
·
July 23, 2025
Photo: Reuters

ဖိလစ်ပိုင်နိုင်ငံမှာ ရာသီဥတုစနစ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင် ၂၃ ရက်အထိ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရကာ လူဦးရေ ၁ ဒသမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရပြီးတော့ မြို့တော် မနီလာမှာလည်း ဘေးအန္တရာယ် ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ 

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အဓိက သက်ရောက်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ဝီဖာ အပါအဝင် ရာသီဥတုစနစ် ပေါင်းစုံကြောင့် လတ်တလောရက်တွေမှာ ဖိလစ်ပိုင်နိုင်ငံမှာ မိုးသဲသဲမဲမဲ ရွာချနေတာကြောင့် ရေကြီးရေလျှံမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာပါ။ 

အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေကာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေ ၁ ဒသမ ၄၁ သန်းကျော် ထိခိုက်ခဲ့ကြောင်း သိရပါတယ်။ 

ဆိုးဆိုးရွားရွား အနှောင့်အယှက်ဖြစ်နေရတာကြောင့်  ဇူလိုင် ၂၂ ရက်က မနီလာမြို့တော်မှာ ကပ်ဘေး  အရေးပေါ်အခြေအနေကို ကြေညာလိုက်ပြီး ပြည်သူတွေရဲ့ နေ့စဥ် လူနေမှုဘဝအပေါ်မှာ ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိလာခဲ့ပါတယ်။ 

မြို့တော် မနီလာအပါအဝင် မြို့ပေါင်း ၁၆ မြို့ ပါဝင်တဲ့ မက်ထရိုမနီလာ ဧရိယာကြီးမှာ ကားဘီးအမြင့်ထိ ရေကြီးနေတာကြောင့် အဓိကလမ်းမကြီးတွေ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ပါတယ်။ 

ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ ဖိလစ်ပိုင်အမျိုးသားမိုးလေဝသဌာနဟာ မြို့တော်အပါအဝင် ဒေသ အများအပြားအတွက် မိုးရွာသွန်းမှု အမြင့်ဆုံးအဆင့် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဝီဖာတိုင်ဖွန်းဟာ အဝေးကို ရွေ့လျားသွားပေမဲ့ အားကောင်းလာတဲ့ အနောက်တောင်မုတ်သုံလေနဲ့ နိုင်ငံအရှေ့ဘက်ရှိ လေဖိအားနည်း ရပ်ဝန်းအသစ်တို့ကြောင့် မိုးဆက်လက်ရွာသွန်းနေပါတယ်။

မနီလာနဲ့ တခြားဒေသတွေမှာ ဇူလိုင် ၂၂ နဲ့ ၂၃ ရက်တွေမှာ မိုးရေချိန်စုစုပေါင်း ၁၀၀ မှ ၂၀၀ မီလီမီတာအထိ ရှိမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

ရေကြီးမှုဘေးဒဏ် သက်ရောက်မှုကို ပြေလျော့သက်သာစေဖို့အတွက် သမ္မတရုံးဟာ ရေဘေးသင့် ဒေသတွေမှာ အလုပ်အကိုင်တွေနဲ့ ကျောင်းစာသင်တန်းတွေကို ယာယီရပ်နားစေလိုက်ပါတယ်။ 

တချို့ကလေးတွေဟာ ရေမြုပ်နေတဲ့လမ်းတွေကို ယာယီရေကူးကန်တွေအဖြစ် အသုံးပြု ကစားခဲ့ကြပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေထိုင်သူ အများအပြားအတွက် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်မှုတွေက အလွန်ခက်ခဲနေခဲ့ပါတယ်။ 

မက်ထရိုမနီလာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့ပြရေကြီးရေလျှံမှုတွေ ဖြစ်ကျန်လေ့ရှိတာကြောင့် ဒေသခံတွေဟာ အစိုးရကို ရေစီးရေလာကောင်းအောင် ရေနုတ်မြောင်းတွေကို အာရုံစိုက်ပေးဖို့နဲ့ အနာဂတ် ရေကြီးမှုရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ဖို့ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စီမံကိန်းတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013